အမျိုးသမီးသုံး HIV တား ပစ္စည်းသစ်

အမျိုးသမီးတွေရဲ့ လိင်အင်္ဂါထဲမှာ antiretroviral ဆေးကို တဖြည်းဖြည်း ထုတ်လွှတ်ပေးပြီး ကိုယ်ဝန်မရအောင် ကာကွယ်နိုင်တဲ့ ကွင်းတစ်မျိုးဟာ HIV၊ ရေယုံနဲ့ မလိုအပ်တဲ့ ကိုယ်ဝန် တို့ကို တားဆီးနိုင်မယ့် အလားအလာ ရှိနေပါတယ်။

HIV ကူးစက်မှု ကာကွယ်ရေးနဲ့ ကိုယ်ဝန်တားဆီးရေးအတွက် အခု သုံးစွဲနေကြတဲ့ ဆေးဝါးတွေရဲ့ ပမာဏကို လိုအပ်ချက်အတိုင်း ထိန်းချုပ်ပေးနိုင်မယ့် ဒီကွင်းတွေကို တခါထည့်ထားရင် သုံးလထိ တာရှည်ခံနိုင်အောင် စီစဉ်ထားပါတယ်။

ဆေးပြားတွေ အများအပြားကို နေ့စဉ် သုံးနေရမယ့်အစား ဒီလို သုံးလမှတစ်ကြိမ် သုံးရတဲ့အတွက် ဒီပစ္စည်းဟာ တွင်ကျယ်တဲ့ ဆေးဝါးပစ္စည်း ဖြစ်လာလိမ့်မယ်လို့ သုတေသီတွေက မျှော်လင့်ထားကြပါတယ်။

ဒီ “အမျိုးသမီးလိင်အင်္ဂါသွင်းပစ္စည်း” ကို Northwestern တက္ကသိုလ်က ဇီဝဆေးဝါးအင်ဂျင်နီယာ Patrick Kiser နဲ့ အဖွဲ့က ၅ နှစ်ကြာ စမ်းသပ်တီထွင်ခဲ့ကြတာ ဖြစ်ပါတယ်။ မူလတုန်းက အမျိုးသမီးတွေ ကိုယ်ဝန်မရနိုင်အောင် ကာကွယ်ဖို့ ရည်ရွယ်တာဖြစ်ပေမဲ့ လိင်ဆက်ဆံမှုကတဆင့် ကူးစက်တဲ့ ရောဂါတွေကိုလည်း ကာကွယ်နိုင်တယ်ဆိုတာ နောက်မှ သိလာရတာပါ။ သုံးရလွယ်ကူတဲ့ ဒီပစ္စည်းကို အခုအခါ ထုတ်လုပ်နေပြီး မကြာခင် အမျိုးသမီးတွေနဲ့ စမ်းသပ်တော့မှာ ဖြစ်ပါတယ်။