Catalonia ခေါင်းဆောင်ဟောင်းကို ဖမ်းတဲ့အပေါ် ကန့်ကွက်ဆန္ဒပြ

စပိန်နိုင်ငံ အရှေ့မြောက်ပိုင်း Catalonia ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ သမ္မတဟောင်း Carles Puigdemont အဖမ်းခံရတာကို မကျေနပ်လို့ မြို့တော် Barcelona မှာ တနင်္ဂနွေနေ့ချီတက်ဆန္ဒပြကြတဲ့ ခွဲထွက်ရေးလိုလားသူတွေနဲ့ အဓိကရုန်းနှိမ်နင်းရေးရဲတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။ ဆန္ဒပြသူ ထောင်ပေါင်းများစွာ လမ်းမတွေပေါ်ထွက်လာခဲ့ကြတာဖြစ်ပြီး ဒီဆန္ဒပြပွဲမှာ လူ ၅၀ လောက် ဒဏ်ရာရခဲ့တာပါ။

ဖြုတ်ချခံခဲ့ရတဲ့ ခွဲထွက်ရေးလိုလားတဲ့ ခေါင်းဆောင် Puigdemont ကို နိုင်ငံတကာဖမ်းဝရမ်းထုတ်ထားတာ ဖြစ်ပြီး ဒိန်းမတ်ကနေ နယ်စပ်ကျော်ဖြတ်လာချိန် သူ့ကို ဂျာမဏီမှာ တနင်္ဂနွေနေ့က ဖမ်းသွားတာဖြစ်ပါတယ်။

စပိန်အစိုးရက သူ့ကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ အကြမ်းဖက်မှု ဖြစ်ပွားအောင်လှုံ့ဆော်သူအဖြစ် အလိုရှိနေတာပါ။ ဂျာမဏီအစိုးရ ရှေ့နေတွေက သူ့ကို ပြန်ပို့ပေးဖို့ စပိန်အစိုးရရဲ့ ပန်ကြားချက်အတွက် စဉ်းစားနေချိန်မှာပဲ တနင်္လာနေ့ Schleswig တရားရုံးကို သူလာရောက်အစစ်ခံမယ်လို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

စပိန်ဗဟိုအစိုးရက သတိပေးချက်ကို သူကအာခံခဲ့ပြီး Catalonia ဒေသခွဲထွက်ဖို့ လူထုဆန္ဒကောက်ယူခဲ့တာ ဖြစ်ပါတယ်။ Catalan လွှတ်တော်က လွတ်လပ်ရေးကြေညာခဲ့တာကြောင့် ရဲတွေရဲ့ အကြမ်းဖက်နှိမ်နင်းမှုတွေ ဖြစ်ပွားခဲ့သလို စပိန်ပြည်မ အစိုးရက Catalan ကိုပြန်သိမ်းခဲ့တာပါ။

Catalonia မှာ ဒီဇင်ဘာလလွှတ်တော်ရွေးကောက်ပွဲမှာ ခွဲထွက်ရေးလိုလားတဲ့ လွှတ်တော်အမတ်တွေက မဲအနည်းငယ်အသာနဲ့ အနိုင်ရခဲ့တာပါ။ ဒါပေမယ့် လွှတ်တော်မှာ သမ္မတသစ်အတွက် အမည်စာရင်းမတင်သွင်းနိုင်သလို လွတ်လပ်ရေးရဖို့လည်း မရေမရာ ဖြစ်ခဲ့ရပါတယ်။ Catalan လွှတ်တော်အနေနဲ့ ဒေသဆိုင်ရာ သမ္မတသစ်အဖြစ် ခွဲထွက်ရေးလိုလားသူ Jordi Sanchez ကို ရွေးချယ်ကြဖို့ Puigdemont က တိုက်တွန်းခဲ့တာပါ။ ဒါပေမယ့် ဗဟိုအစိုးရက Sanchez ကိုပါ ထောင်ချထားခဲ့တာဖြစ်ပါတယ်။

Catalan ခွဲထွက်ရေးလိုလားတဲ့ ခေါင်းဆောင် ၁၃ ဦးကို သူပုန်တွေအဖြစ် စပိန်တရားရုံးချုပ်က သောကြာနေ့မှာပဲ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

Your browser doesn’t support HTML5

Catalonia ခေါင်းဆောင်ဟောင်းကို ဖမ်းတဲ့အပေါ် ကန့်ကွက်ဆန္ဒပြ