ရုရှား ထောက် လှမ်းရေး ဟောင်း အသတ်ခံရမှု ပူတင်ပတ်သက်

လန်ဒန် တရားရုံးရှေ့ ရုရှားထောက်လှမ်းရေးဟောင်းရဲ့ ဇနီးဖြစ်သူ Marina Litvinenko။ (ဇန်နဝါရီ ၂၁၊ ၂၀၁၆)

ရုရှားထောက်လှမ်းရေး အရာရှိဟောင်း Alexander Litvinenko ကို လုပ်ကြံ သတ်ဖြတ်ဖို့ ရုရှားသမ္မတ Vladimir Putin ကိုယ်တိုင် လက်ခံ အတည်ပြုပေးကောင်း ပေးနိုင်တယ်လို့ ဗြိတိန်အစိုးရရဲ့ ထိပ်တန်း စုံစမ်းစစ်ဆေးရေးမှူး တဦးက ပြောဆိုလိုက်ပါတယ်။

သူလျှိုဘဝကနေ အတိုက်အခံတဦး ဖြစ်လာတဲ့ Litvinenko ဟာ ရုရှားသမ္မတကို ဝေဖန်ပြောဆိုခဲ့ဖူးသူဖြစ်ပြီး၊ နောက်ပိုင်းမှာတော့ အရွယ်မရောက်သေးသူတွေနဲ့ လိင်ဆက်ဆံသူအဖြစ် စွပ်စွဲချက်အပါအဝင် တခြားစွပ်စွဲချက် အများအပြားနဲ့ ရင်ဆိုင်ခဲ့ရပြီး၊ ဗြိတိန်နိုင်ငံမှာ ခိုလှုံနေထိုင်ခဲ့သူ ဖြစ်ပါတယ်။

လန်ဒန်မြို့လယ်က အမေရိကန်သံရုံးနဲ့ မလှမ်းမကမ်းမှာရှိတဲ့ Millennium ဟိုတယ်မှာ ၂၀၀၆ ခုနှစ် နိုဝင်ဘာလထဲ Litvinenko ကို ရုရှားထောက်လှမ်းရေး ၂ ယောက်က အဆိပ်ခတ် လုပ်ကြံမှုအတွက် ရုရှားအစိုးရမှာ တာဝန် ရှိကြောင်း နှစ်နဲ့ချီစုံစမ်းစစ်ဆေးမှုတွေက အတည်ပြုနိုင်ခဲ့တယ်လို့ စုံစမ်း စစ်ဆေးရေးကော်မရှင် အကြီးအကဲ အငြိမ်းစား တရားသူကြီး Robert Owen က ဒီကနေ့ပဲ ကြေညာခဲ့တာပါ။

၉ နှစ်နီးပါးကြာ ခင်ပွန်းသည် သေဆုံးမှုအတွက် အဖြေပေးဖို့ တောင်းဆိုထားတဲ့ ဇနီးဖြစ်သူ Marina Litvinenko ကတော့ ဒီကနေ့ ထုတ်ပြန်ခဲ့တဲ့ ရလဒ်ကို ကျေနပ်တဲ့အကြောင်း လန်ဒန်မြို့က တရားရုံးရှေ့မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ခင်ပွန်းသည် မသေခင်မှာ သူ့ကိုသတ်တာ ရုရှားသမ္မတ ဖြစ်တဲ့အကြောင်း စွပ်စွဲချက်ဟာ မှန်နေတယ်ဆိုတာကို လွတ်လပ်ပြီး မျှတမှုအရာမှာ စံချိန်မြင့်မားလှတဲ့ ဗြိတိသျှတရားရုံးက အတည်ပြုနိုင်ခဲ့တယ်လို့လည်း မှတ်ချက်ပေးခဲ့တာပါ။

မော်စကိုမှာရှိတဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Maria Zhakarova ကတော့ ရိုးရိုးစင်းစင်း ရာဇဝတ်မှုခင်းတခုကို နိုင်ငံရေးအမြတ်ထုတ်ခဲ့တဲ့အတွက် ဝမ်းနည်းကြောင်းနဲ့ ၂ နိုင်ငံ ဆက်ဆံရေးကိုလည်း ထိခိုက်စေတယ် လို့ ပြောဆိုခဲ့ပါတယ်