ယူကရိန်းကို တာဝေးပစ်လက်နက် သုံးခွင့်ပေးရင် တုံ့ပြန်မယ့်အကြောင်း ရုရှားသမ္မတ သတိပေး

ရုရှားဒုံးလက်နက်

ရုရှားနိုင်ငံ အတွင်းပိုင်းကို ပစ်ခတ်နိုင်တဲ့ တာဝေးပစ်လက်နက်တွေ ယူကရိန်းကို သုံးခွင့်ပြုဖို့ အမေရိကန်နဲ့ နေတိုးမဟာမိတ်အဖွဲ့က လက်ခံလိုက်မယ်ဆိုရင်၊ နည်းလမ်းပေါင်းစုံနဲ့ တုံ့ပြန်မယ်လို့ ရုရှားသမ္မတ Vladimir Putin က သတိပေးလိုက်ပါတယ်။

ရုရှားကို တာဝေးပစ်လက်နက်တွေနဲ့ တိုက်ခိုက်ခဲ့မယ်ဆိုရင် တုံ့ပြန်နိုင်မယ့် နည်းလမ်းတွေကို ကာကွယ်ရေးဝန်ကြီးဌာနက စဉ်းစားနေတဲ့အကြောင်း သမ္မတပူတင်က ဗွီဒီယိုနဲ့ မှတ်ချက်ပေးထားတာကို နိုင်ငံပိုင် Pavel Zarubin ရဲ့ Telegram လူမှုကွန်ရက်မှာ ဒီကနေ့ပဲ ဖော်ပြလိုက်တာပါ။

တချိန်တည်းမှာပဲ ယူကရိန်းရဲ့ အဝေးထိန်းဒရုန်း ၅၁ ခုကို လေကြောင်းရန် ကာကွယ်ရေးက ကြားဖြတ်ပစ်ချခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ပဲ သတင်းထုတ်ပြန်ပါတယ်။ ဒရုန်း ၁၈ ခုကို မော်စကိုမြို့တော် အရှေ့တောင်ဖက် ကီလိုမီတာ ၄၅၀ လောက် အကွာမှာရှိတဲ့ Tambov ဒေသမှာ ကြားဖြတ်ပစ်ချခဲ့တာလို့လည်း ပြောပါတယ်။ နောက်ထပ် ဒရုန်း ၁၆ ခုကို နယ်စပ်ဒေသ Belgorod မှာ ပစ်ချခဲ့ပြီး တောင်ပိုင်း Voronezh, Oryol နဲ့ Kursk ဒေသတွေမှာ ပစ်ချခဲ့တယ်လို့ ပြောပါတယ်။

ဒရုန်းတိုက်ခိုက်မှုကြောင့် Belgorod ဒေသမှာ အမျိုးသမီး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းလည်း ဒေသခံအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ယူကရိန်းက ဒရုန်းအရေအတွက် ဘယ်လောက်သုံးပြီး တိုက်ခိုက်ခဲ့သလဲ ဆိုတာကိုတော့ ရုရှားတာဝန်ရှိသူတွေက ပြောဆိုမထားပါဘူး။