ဗြိတိန်ဘုရင်မ အိုင်ယာလန် သမ္မတနိုင်ငံ ရောက်ရှိ

ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက်သ်(ယာ) အား အိုင်ယာလန် သမ္မတ မေရီ မက်အလိစ် ကြိုဆိုနေစဉ်။ မေ ၁၇၊ ၂၀၁၁။

ဗြိတိသျှဘုရင်မကြီး အဲလစ်ဇဘက်သ် (Elizabeth) ဟာ အိုင်ယာလန် သမ္မတနိုင်ငံကို ရောက်သွားပါပြီ။ ဒါဟာ ဗြိတိသျှ ဘုရင်တပါး အနေနဲ့ အိုင်ယာလန်ကို ပထမဆုံးအကြိမ် သွားရောက်လည်ပတ်ခြင်း ဖြစ်ပါတယ်။

၄ ရက်ကြာ တရားဝင် ခရီးစဉ်အတွက် အင်္ဂါနေ့က ရောက်လာကြတဲ့ ဘုရင်မကြီး အဲလစ်ဇဘက်သ်နဲ့ ကြင်ယာတော် မင်းသားကြီး ဖိလစ် (Philip) တို့ကို အိုင်ယာလန်က နိုင်ငံတော် အခမ်းအနားနဲ့ ကြိုဆိုခဲ့ပါတယ်။ ဘုရင်မကြီး ခရီးစဉ်နဲ့ ပတ်သက်ပြီး နှစ်နိုင်ငံလုံးမှာ ဗုံးဖောက်ခွဲ လုပ်ကြံဖို့ စီစဉ်မှုတွေ ရှိတယ်လို့ သတင်းတွေ ထွက်လာပြီး နာရီအတော်အကြာမှာ ရောက်သွားခဲ့တာပါ။

ဘုရင်မကြီးနဲ့အတူ လိုက်ပါလာတဲ့ တော်ဝင် မိသားစုတွေကို လုပ်ကြံမှုတွေ ဖြစ်လာနိုင်တဲ့ရန်က ကာကွယ်နိုင်ဖို့ ဒပ်ဘ်လင် (Dublin) မြို့မှာ လုံခြုံရေး တပ်ဖွဲ့ဝင် ၈,၀၀၀ လောက် ချထားခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ပိုင်းအိုင်ယာလန် ဒေသကို ဗြိတိသျှ အစိုးရက ဆက်လက် အုပ်ချုပ်နေတဲ့အပေါ် ဆန့်ကျင်ပြီး IRA အဖွဲ့က ခွဲထွက်သွားခဲ့တဲ့ အစွန်းရောက် အကြမ်းဖက် အဖွဲ့တခုက ဗုံးခွဲ လုပ်ကြံမယ်လို့ ပြောဆိုတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အိုင်ယာလန်နိုင်ငံက ရိုမန်ကက်သလစ်တွေရဲ့ အဓိက အရောင်ဖြစ်တဲ့ အစိမ်းရောင်ကို ဝတ်ဆင်ထားတဲ့ ဘုရင်မကြီးဟာ အင်္ဂါနေ့မှာပဲ အိုင်ယာလန် သမ္မတ မေရီ မက်အလိစ် (Mary McAleese) နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အိုင်ယာလန် စစ်ပွဲအတွင်း သေဆုံးခဲ့ကြသူတွေရဲ့ အမှတ်တရ သချုႋင်းကို သွားရောက်ခဲ့ပါတယ်။