ကင်တားနား ရခိုင် ခရီးစဉ် အဆုံးသတ်

လူ့အခွင့်အရေးကိုယ်စားလှယ် ကင်တားနားအား စစ်တွေလေဆိပ်တွင် တွေ့ရစဉ်။ (ဇူလိုင် ၃၁၊ ၂၀၁၂။)

မြန်မာနိုင်ငံကို သီတင်းတပတ်ကြာ ရောက်လာတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ဟာ မကြာသေးခင်တုန်းက သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေကို စုံစမ်းစစ်ဆေး ဖို့ ရခိုင်ပြည်နယ်ကို ၂ ရက်ကြာ သွားရောက်ပြီး ဒီကနေ့မှာတော့ ရန်ကုန်မြို့ကို ပြန်လာပါတယ်။

ဒေသခံ ဗုဒ္ဓဘာသာတွေနဲ့ မူဆလင်တွေကြား ပြီးခဲ့တဲ့လထဲ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စုံစမ်းဖို့ မနေ့တုန်းကတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Thomas Ojae Quintana မြန်မာနဲ့ ဘင်္ဂလား နယ်စပ် အနီးမှာရှိတဲ့ ဘူးသီးတောင်၊ မောင်တော မြို့တွေကို သွားရောက်ပြီး တာဝန်ရှိသူတွေ၊ ဒေသခံတွေနဲ့ တွေ့ဆုံပြီး ဒုက္ခသည် စခန်းတွေကိုလည်း သွားရောက် ကြည့်ရှုခဲ့တာပါ။

ခရီးစဉ်အစအဖြစ် တနင်္လာနေ့က ရန်ကုန်မြို့မှာ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံကြတဲ့ မြန်မာအစိုးရ ဝန်ကြီး အဖွဲ့ဝင်တွေကတော့ လူမျိုးရေး၊ ဘာသာရေး အခြေခံတဲ့ ပဋိပက္ခတွေဟာ တရားမဝင် နေထိုင်သူတွေကြောင့် ဖြစ်တယ်လို့ အပြစ်ဖို့ခဲ့ကြတာပါ။

ဒါပေမဲ့လည်း ဒီကနေ့ ဘန်ကောက်မြို့က နိုင်ငံခြား သတင်းစာဆရာများ အသင်းတိုက်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်းမှာတော့ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ Human Rights Watch က မူဆလင် ရိုဟင်ဂျာတွေအပေါ် လုံခြုံရေး တပ်ဖွဲ့တွေက ပစ်ခတ် နှိမ်နင်းတာ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ပြောဆိုခဲ့တာပါ။

အာဏာပိုင်တွေဟာ ပဋိပက္ခတွေ အချိန်အတော်ကြာ ဖြစ်နေတာကို ထိန်းသိမ်းဖို့ ပျက်ကွက်ခဲ့ သလို နောက်ပိုင်းမှာလည်း ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက် နှိမ်နင်းမှုတွေ၊ ဖမ်းဆီးမှုတွေ ရှိခဲ့တယ်လို့ ပြောဆိုသွားပါတယ်။

တနင်္လာနေ့ ရန်ကုန်မြို့က သတင်းစာ ရှင်းလင်းပွဲ အတွင်းမှာတော့ တိုက်ခိုက်မှုတွေကို အာဏာပိုင်တွေက ကိုင်တွယ်ရာမှာလည်း ထိန်းထိန်းသိမ်းသိမ်း ပြုမူခဲ့တယ်လို့ မြန်မာအစိုးရ ဝန်ကြီးအဖွဲွ့တွေက ပြောဆိုခဲ့ကြသလို ရိုဟင်ဂျာဟာ မြန်မာနိုင်ငံက တိုင်းရင်းသားတွေထဲမှာ မပါဝင်ဘူးလို့ ပြောဆိုထားတာလည်း ဖြစ်ပါတယ်။