အစွန်းရောက် မူဆလင် တရားဟောဆရာ အမေရိကန် လွှဲမည်

မွတ်ဆလင်အစွန်းရောက် တရားဟောဆရာ Abu Hamza al-Masri

အကြမ်းဖက်သမားအဖြစ်စွပ်စွဲခံထားရတဲ့ Abu Hamza အပေါ်စွဲဆိုထားတဲ့ စွဲချက်တွေအတွက် အမှုရင်ဆိုင်ဖို့ သူ့ကို ဗြိတိန်နိုင်ငံကနေ အမေရိကန်ကို လွှဲပြောင်းပေးတော့မှာဖြစ်ပါတယ်၊ Abu Hamza ရဲ့ နောက်ဆုံး အယူခံကို ဗြိတိန် ဗဟိုတရားရုံးက သောကြာနေ့မှာ ပယ်ချလိုက်ပြီး Abu Hamza နဲ့အတူ နောက်ထပ် အကြမ်းဖက်သမားအဖြစ် သံသယရှိသူ ၄ ယောက်ဟာ အမေရိကန်ပြည်ထောင်စုမှာ အမှုရင်ဆိုင်ဖို့ သွားနိုင်လောက်တဲ့ ကျန်းမာရေး အခြေအနေရှိပါတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကျန်းမာရေးမကောင်းတာ နှစ်ပေါင်းကြာနေပြီဖြစ်တဲ့ Abu Hamza ကို တကိုယ်လုံးကို ဓါတ်မှန်ရိုက်တဲ့ MRI scan မလုပ်ခင် အမေရိကန်လက်ကို လွှဲပြောင်း မပေးသင့်ဘူးလို့ Abu Hamza ရဲ့ ရှေ့နေတွေက စောဒကတက်နေကြပါတယ်။ အီဂျစ်နိုင်ငံမှာမွေးတဲ့ တရားဟောဆရာ Abu Hamza ဟာ London မြို့က ဗလီကျောင်းတခုမှာ အစွန်းရောက်တရားတွေ ဟောပြောပြီး အကြမ်းဖက်သမားတွေဖြစ်လာဖို့အလားအလာရှိသူတွေကို မွေးထုတ်ပေးနေတာလို့
ထောက်လှမ်းရေးတာဝန်ရှိသူတွေက ပြောပါတယ်။ Oregon ပြည်နယ်မှာ အကြမ်းဖက်လေ့ကျင့်ရေးစခန်းတခုထောင်ဖို့ ကြိုးစားမှု၊ ရေမန်နိုင်ငံမှာ
Al Qaeda တွေဓါးစာခံဖမ်းနိုင်အောင် ကူညီမှုတွေနဲ့ သူ့ကို အမေရိကန်က အလိုရှိနေတာဖြစ်ပါတယ်။