ရေဘေးကြောင့် ဥရောပအလယ်ပိုင်းမှာ သေကျေထိခိုက်

ချက်နိုင်ငံ Prague မြို့တော်ရှိ Vlatva မြစ်တကြော မြစ်ရေလျှံမှုကို မီးသတ်သမားများက ကြိုတင်တားဆီးမှုများ ပြုလုပ်နေ (စက်တင်ဘာ ၁၃၊ - Photo by Tomas Fiala / AFP)

ဥရောပအလယ်ပိုင်းမှာ ဒီကနေ့ ဆက်လက်မိုးသည်းထန်နေပြီး နေရာတော်တော်များများ ရေဘေးသင့်နေချိန်မှာပဲ၊ ပိုလန်နိုင်ငံ အနောက်တောင်ဘက်ဒေသမှာ လူတယောက် ရေနစ်သေဆုံးပြီး၊ ချက်သမ္မတနိုင်ငံ နယ်စပ်မှာ လူပေါင်းထောင်ချီ ဘေးလွတ်ရာ ပြောင်းရွှေ့နေကြရပါတယ်။

သြစတြီးယားနိုင်ငံမှာ ရေဘေးကယ်ဆယ်ရေးလုပ်နေတဲ့ မီးသတ်သမားတဦး သေဆုံးခဲ့ကြောင်းလည်း ဒုဝန်ကြီးချုပ် Werner Kogler က ဒီကနေ့ပဲ X လူမှုကွန်ရက်မှာ ပြောခဲ့တာပါ။ ချက်သမ္မတနိုင်ငံ၊ ဆလိုဗက်ကီးယားနိုင်ငံတွေနဲ့ နယ်စပ်ချင်းထိနေတဲ့ ဗီယန်နာမြို့တော်ဝန်းကျင်က ဒေသကိုလည်း ကပ်ဘေးသင့် နယ်မြေအဖြစ် သြစတြီးယား အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။

ချက်သမ္မတနဲ့ ပိုလန်နိုင်ငံတွေက နေရာတချို့မှာ နှစ်ပေါင်း ၃၀ အတွင်း အဆိုးဆုံးရေဘေးဒဏ်နဲ့ ကြုံနေကြရတာပါ။ ချက်နိုင်ငံမှာ မိုးသက်လေပြင်းဒဏ်ကြောင့် နေအိမ် ၂ သိန်းခွဲလောက် လျှပ်စစ်မီးတွေ ပြတ်တောက်နေပါတယ်။ Prague မြို့တော် အရှေ့ဖက် ၂၃၅ ကီလိုမီတာ အကွာလောက်က Staric မြစ်ထဲကို ကားတစီးပြုတ်ကျရာက ပျောက်ဆုံးနေသူ ၃ ယောက်ကို ရှာဖွေနေတယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ပိုလန်နိုင်ငံမှာတော့ ရေဘေးဒဏ် အဆိုးဆုံးခံခဲ့ရတယ်လို့ ဝန်ကြီးချုပ် Donald Tusk က ပြောထားတဲ့ Klodzko ခရိုင်မှာ လူ ၁ ယောက် သေဆုံးခဲ့ပြီး၊ ၁၆၀၀ လောက်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးထားရပါတယ်။