ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေ အကောင်အထည် ဖော်ရာမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ အခုထက်ပို မြင်ရဖို့ လိုနေတယ်လို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် အဖွဲ့ဝင်တဦးက ပြောပါတယ်။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ ကိုဖီအာနန် ဦးဆောင်တဲ့ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို ထိထိရောက်ရောက် အကောင်အထည် ဖော်ဖို့ အစဉ်မပြတ် တိုက်တွန်းနေတာပါ။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက အပြည့်စုံ တင်ပြပေးပါမယ်။
ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ဒုက္ခသည်သိန်းနဲ့ချီ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးခဲ့ရတဲ့ နောက်ဆက်တွဲ အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က အပြီးသတ် အကြံပြုချက် အစီရင်ခံစာကို ပြီးခဲ့တဲ့နှစ် သြဂုတ်လက တင်သွင်းခဲ့တာကြောင့် အခုဆိုရင် တနှစ်နီးပါး ရှိလာခဲ့ပါပြီ။ အစိုးရအနေနဲ့ ကော်မရှင်ရဲ့ အကြံပြုချက်တွေကို ဘယ်လောက်အထိ အကောင်အထည် ဖော်နိုင်ခဲ့ပါပြီလဲ။ အကြံပေး ကော်မရှင် အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးအေးလွင်ကတော့ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ခုထက် ပိုပြီး တွေ့မြင်ရဖို့ လိုတယ်လို့ ပြောပါတယ်။
“ရုပ်ပိုင်းဆိုင်ရာမှာ နည်းနည်း တိုးတက်မှုတွေ ရှိတယ်။ အဲဒီတော့ ဘာမှမဖြစ်တာထက်စာရင် တိုးတက်မှုကိုတော့ ကျနော်က ရှာကြံပြီး အကောင်းမြင်တဲ့ဘက်က ကြည့်မယ်ဆိုရင်တော့ တစုံတရာ တိုးတက်မှုရှိတယ်။ သို့သော် ဒီ့ထက်ပိုပြီး တိုးတက်မှု လျင်မြန်နှုန်း လိုအပ်ပါတယ်လို့ ကျနော် အဲဒီလို မြင်ပါတယ်။ အသိုင်းအဝိုင်း နှစ်ခုစလုံးက သူတို့ လက်တွေ့မျက်တွေ့ ခံစားရမယ့် ခံစားမှုတွေက ပီပီပြင်ပြင် ပေါ်ထွက်မလာတဲ့အပေါ်မှာ သူတို့ယုံကြည်မှု နည်းပါးနေတာရှိတယ်။ ဥပမာ - လမ်းတွေဆောက်နေတာ တွေ့ရတယ်ဗျာ။ မြို့က စစ်တွေမြို့ကြီးဆိုရင်လည်း တော်တော်လေးကို သူတို့ ပြုပြင်မှုတွေ လုပ်နေတာ ကျနော်တို့ တွေ့ခဲ့ရတယ်။ ကျနော်တို့ မောင်တောအထိ ဟယ်လီကော်ပတာနဲ့ သွားခဲ့တာတွေ ရှိတယ်။ လမ်းတွေဘာတွေ ဖောက်နေတာတွေ့ရတယ်။ စခန်းတွေဘာတွေလည်း ကျနော်တို့ တွေ့ခဲ့ရတယ်။ ရုပ်ပိုင်းဆိုင်ရာမှာတော့ တစုံတရာ အရင်ကထက်စာရင် တိုးတက်မှုတွေ ရှိသော်ငြားလည်းပဲ တကယ် ကာယကံရှင် လူသားများနဲ့ ပတ်သက်၍တော့ ရှိရင်လည်း ရှိနေမယ်။ ဥပမာအားဖြင့် ကျနော် သိရတာတွေက တချို့ မှတ်ပုံတင်တွေ ဘာတွေ ရသွားတဲ့သူတွေ ရှိတယ်။ အဲ့လိုဟာတွေက ပေါ်လွင်မလာဘူးလေ။ အဲဒီတော့ လူသားတွေရတဲ့ ခံစားမှုမှာ အကျိုးလေးတွေက ပေါ်လွင်မလာတဲ့အပေါ်မှာ ယုံကြည်မှုတည်ဆောက်တဲ့အပိုင်းမှာ နည်းနည်း အားနည်းနေသလို ဖြစ်တယ်လို့ ကျနော်တော့ အဲဒီလို မြင်တယ်။”
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ ကိုဖီအာနန် ဦးဆောင်တဲ့ အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်တွေကို ထိထိရောက်ရောက် အကောင်အထည် ဖော်ဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း မြန်မာအစိုးရကို တိုက်တွန်းနေတာပါ။ လက်ရှိ အခြေအနေမှာတော့ တိုးတက်မှုမရှိဘူး ဆိုပြီးတော့လည်း ဝေဖန်နေတာပါ။ ဇူလိုင်လ ၄ ရက် ဗုဒ္ဓဟူးနေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပတဲ့ ၃၈ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံမှာ လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Zeid Al-Hussein က ရခိုင်ပြည်နယ်မှာ ခွဲခြားဆက်ဆံမှုတွေနဲ့ ဖိနှိပ်မှုတွေ ဆက်ရှိနေပြီး ဒုက္ခသည်တွေ ထောင်နဲ့ချီ ဆက်ပြီး ထွက်ပြေးလာနေ တုန်းပဲ လို့ ထောက်ပြ ပြောဆိုခဲ့ပါတယ်။ ဒုက္ခသည်တွေ နေရပ်ပြန်ရေး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံကြား တရားဝင်သဘောတူညီမှု ရယူထားပေမဲ့လည်း အခုချိန်ထိ နှစ်နိုင်ငံ ဒုက္ခသည်ပြန်ပို့ရေး အစီအစဉ်နဲ့ နေရပ်ပြန်နိုင်တဲ့ ဒုက္ခသည် တဦးတယောက်မှ မရှိသေးဘူးလို့ လူ့အခွင့်အရေး မဟာမင်းကြီးက ဝေဖန်ပါတယ်။ ဒုက္ခသည် နေရပ်ပြန်ရေးအစီအစဉ် နှောင့်နှေးနေတဲ့အပေါ် ဦးအေးလွင်ကတော့ ခုလို ပြောပါတယ်။
“factors တွေကတော့ အများကြီးရှိတာပေါ့လေ။ နှစ်နိုင်ငံ သဘောတူညီချက် ရှိထားပေမဲ့လည်း လက်တွေ့ အကောင်အထည်ဖော်မှု အပိုင်းမှာ အားနည်းနေတယ်။ အဲဒီတော့ ပြန်လာတဲ့သူတွေ မရှိတဲ့အပေါ်မှာ ကျန်နေတဲ့သူတွေကလည်း သူတို့အနေနဲ့ နေ နေရတဲ့အပေါ်မှာ နည်းနည်း မလုံခြုံတာ ရှိမယ်။ အားငယ်စိတ်တွေ ရှိမယ်။ ဟိုဘက်မှာရောက်နေတဲ့ သူတို့ ဆွေတွေမျိုးတွေကလည်း သူတို့ကို ခေါ်တာတွေ ဘာတွေလည်း ရှိနိုင်မယ်လေ။ ဒါ…ကျနော်ကတော့ အတိအကျတော့ မသိဘူး။ သို့သော် အခုလက်တွေ့မှာက အုံနဲ့ကျင်းနဲ့ ဟိုဘက် ရောက်သွားတဲ့သူတွေက ဒီဘက်ကို ပြန်မလာသေးတဲ့ အခင်းအကျင်းကိုက သူတို့အတွက် ဒီမှာနေထိုင်ရတာမှာ မလုံခြုံတဲ့အချက်လေးတွေ ပေါ်ပေါက်နေတယ်လို့ ကျနော် ထင်ပါတယ်။ အဲဒါကြောင့်ပဲလို့ ကျနော် ထင်ပါတယ်။”
ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ မြန်မာအစိုးရအပေါ် ဖိအားတွေကတော့ တနေ့တခြား တိုးလာနေတာပါ။ ဒီလ ၂၃ ရက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တံခါးပိတ်ဆွေးနွေးပွဲ ကျင်းပတဲ့အခါ မြန်မာ့အရေး ထည့်သွင်းဆွေးနွေးဖို့ ရှိသလို၊ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့အတွက် နိုင်ငံတကာ ပြစ်မှုဆိုင်ရာ ခုံရုံး ICC မှာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့အထိ တိုက်တွန်း တောင်းဆိုမှုတွေလည်း တိုးလာနေတာပါ။ မြန်မာအစိုးရကတော့ ဒီလို ဆောင်ရွက်မှုတွေကို လက်ခံမှာမဟုတ်ကြောင်း တုံ့ပြန်ထားပါတယ်။ မြန်မာအစိုးရအနေနဲ့ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာနဲ့လည်း ပူးပေါင်း ဆောင်ရွက်နေတဲ့အကြောင်းနဲ့ ဒုက္ခသည်တွေ ပြန်လည် လက်ခံဖို့ကိုလည်း သူတို့ဘက်က အဆင်သင့် ပြင်ဆင်ထားပြီးဖြစ်တဲ့အကြောင်း ပြောဆိုထားတာဖြစ်ပါတယ်။
Your browser doesn’t support HTML5