ကျောက်တော်မှာ တိုက်ပွဲဖြစ်

ရခိုင့်တပ်မတော် AA နဲ့ မြန်မာ့တပ်မတော် တို့ကြား ကျောက်တော်မြို့ရဲ့မြောက်ဘက်မှာ မနေ့ညက ထိပ်တိုက် တွေ့ပြီး တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ အခုလို ထိပ်တိုက်တွေ့ တိုက်ပွဲတွေဟာဆိုရင် ရခိုင်ပြည်နယ်အတွင်းမှာ ရခိုင်လက်နက်ကိုင်တပ်နဲ့ မြန်မာအစိုးရတပ်တို့ကြား ပထမဆုံးအကြိမ် တိုက်ပွဲလည်း ဖြစ်ပါတယ်။ အကြောင်းစုံကို မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

စနေနေ့ည သန်းခေါင်အချိန်လောက်မှာ ရခိုင့်တပ်မတော်နဲ့ မြန်မာအစိုးရတပ်တို့ကြား တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ရခိုင့်တပ်မတော် Arakan Army ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာညိုထွန်းအောင်က ဗွီအိုအေကို အခုလို ပြောပါတယ်။

“ကျောက်တော်ဆိုတဲ့ဟာထက် ကျနော်တို့ ပလက်ဝရဲ့အနောက်ဘက်၊ ကျောက်တော်ရဲ့မြောက်ဘက်ပေါ့နော်။ အကြမ်းအားဖြင့်တော့ အဲဒီနေရာ လောက်မှာ ခင်ဗျ။ ဘယ်လိုစဖြစ်လဲဆိုတော့ တိုက်ပွဲကတော့ မနေ့ညသန်းခေါင်အချိန်လောက်မှာ ကျနော်တို့ ရခိုင့်တပ်မတော်ရဲ့ အမှတ် (၅) ဗျူဟာလက်အောက်ခံစစ်ကြောင်းနဲ့ ဗမာစစ်တပ်ရဲ့ တပ်ရင်း (၂၈၉) လက်အောက်ခံအဖွဲ့တွေနဲ့ အဲဒီနေရာမှာ ထိပ်တိုက်တွေ့မှုတွေဖြစ်ပါတယ်။ တိုက်ပွဲဖြစ်တော့ နာရီဝက်လောက် ညသန်းခေါင်ယံမှာဖြစ်တယ်။ ဖြစ်တော့ တဘက်နဲ့တဘက် ပစ်ကြတာပေါ့နော်။ အဲဒီမှာ ရန်သူက လက်နက်ကြီးတွေနဲ့ပစ်ပြီးတော့ သူတို့ ကုန်းကို စွန့်ခွာသွားတယ်။ ဆိုတော့ ကျနော်တို့က အဲဒီမှာ ရန်သူကိုပြန်ပြီးတော့ လိုက်တိုက်တယ်။ တိုက်တယ် ဆိုတာက အဲဒီကြားထဲမှာ တိုက်ပွဲက ကြိုကြား ကြိုကြားလေးဖြစ်ပြီးတော့ မနက်ဘက်မှာတော့ အဲဒီ ၇ နာရီခွဲလောက်မှာ စပြီးတော့ တိုက်ပွဲပြန်ဖြစ်တယ်။ စုစုပေါင်းတော့ တိုက်ပွဲ လေးငါးကြိမ်လောက်တော့ ဖြစ်တယ်ခင်ဗျ။”

အခု တိုက်ပွဲဖြစ်ပွားတဲ့ ပလက်ဝနဲ့ ကျောက်တော်မြို့ကြားက ဒေသတဝိုက်မှာ ရခိုင်လက်နက်ကိုင်တပ်တွေရော မြန်မာ့တပ်မတော်ဘက်ကပါ စစ်ကြောင်းလှုပ်ရှားမှုတွေ ရှိနေတာဖြစ်ပြီး စနေနေ့ညပိုင်းက မထင်မှတ်ဘဲ ထိပ်တိုက်တိုးခဲ့တာဖြစ်တယ်လို့လည်း ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က ပြောပါတယ်။

“ဟုတ်ကဲ့ခင်ဗျ။ ပထမ မနက်ဘက် ၇ နာရီခွဲလောက်ဖြစ်တဲ့အချိန်မှာ ဒုတပ်ကြပ်တယောက်ပေါ့နော၊ နိုင်ထွန်း ကိုယ်ပိုင်နံပါတ် (၉၉၂၀၈၄) တယောက်ကို ကျနော်တို့ လက်ရဖမ်းမိတယ်။ ပြီးရင် နောက်ထပ် ရဲဘော်တယောက်ဖမ်းမိတယ်ခင်ဗျ။ ရန်သူဘက်က ကျဆုံးတာကတော့ ဗိုလ်ကြီးအဆင့်ရှိတဲ့တယောက်ရယ်၊ နောက်ထပ် ရဲဘော်တယောက်ရယ်- ဒါကတော့ ကျနော် ညနေ ၆ နာရီလောက်အထိ ရရှိထားတဲ့သတင်းပေါ့။ အဲဒီအပေါ်မှာမူတည်ပြီး ပြောတာခင်ဗျ။”

ဖွဲ့စည်းခဲ့တာ ၆ နှစ်ထဲရောက်လာပြီဖြစ်တဲ့ ရခိုင့်တပ်မတော် AA ဟာ မြန်မာပြည်မြောက်ပိုင်းမှာ အခြေစိုက်ပြီး လက်ရှိ ကိုးကန့်ဒေသတိုက်ပွဲတွေမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က ကူညီတိုက်ခိုက်ပေးနေတာဖြစ်ပါတယ်။ မြန်မာပြည်အနောက်ခြမ်းမှာ တိုက်ပွဲဖြစ်သလို တချိန်တည်းမှာ ရှမ်းပြည်နယ်အရှေ့ပိုင်း ကိုးကန့်လက်နက်ကိုင်တပ် MNDAA ရဲ့ ရှင်ခုတ်ထန်ဒေသက စခန်းကိုလည်း မြန်မာတပ်မတော်က ဒီကနေ့မှာပဲ အင်အားသုံးပြီးတော့ ထိုးစစ်ဆင်ခဲ့ပြန်ပါတယ်။

“ဒီနေ့ စစ်ဖြစ်ပါတယ်။ မနက်ကနေပါပဲ။ ကျနော် မေ့တေ့တေ့ဖြစ်နေပြီ။ (၈) နာရီခွဲလောက်ထင်တယ်ဗျ။ မနေ့တုန်းကနေရာပါပဲ။ အခြေအနေတော့ မသိရသေးပါဘူး။ သူတို့ရဲ့နည်းကတော့ ပုံမှန်ပါပဲ။ လက်နက်ကြီးနဲ့အရင်ပစ်ပေါ့၊ ပြီးတော့ ကျည်းတပ်ပြန်ထိုး အဲလို အကြိမ်ကြိမ်ပေါ့။”

ဒါကတော့ ကိုးကန့်လက်နက်ကိုင်တပ်ရဲ့ပြောခွင့်ရ ဦးထွန်းမြတ်လင်း ပြောသွားတာဖြစ်ပါတယ်။ ကိုးကန့်ဒေသတိုက်ပွဲတွေဟာလည်း နှစ်လနီးပါး ရှိလာပြီဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့နယ်ခွဲနဲ့ မုံစီးကျေးရွာအတွင်းက တအာန်း တပ်ချရာဒေသကိုလည်း မြန်မာတပ်မတော်က ဒီနေ့မှာ ထိုးစစ်ဆင်ခဲ့ပြန်ပါတယ်ရှင်။