ရခိုင်ပြည်နယ် မြောက်ဦးနဲ့ ဂွမြို့ ရေကြီး

  • မသင်းသီရိ

ရခိုင်ပြည်နယ် မြောက်ဦးနဲ့ ဂွမြို့ ရေကြီး

ရခိုင်ပြည်နယ်ထဲက မြောက်ဦးနဲ့ ဂွမြို့တွေမှာ မိုးကြီးလို့ ချောင်းရေတက်တာ၊ တောင်ကျရေ များတာတွေ ဖြစ်နေတာကြောင့် ကျေးရွာတချို့မှာ နေအိမ်တွေ ရေနစ်မြုပ်တာမျိုး ကြုံနေရပြီး ရေဘေးလွတ်ရာကို ရှောင်တိမ်းနေကြရပါတယ်။ မြောက်ဦးမြို့မှာ အခုရက်ပိုင်း ရေကြီးတာ ဒီနေ့အခြေအနေဟာ အဆိုးဆုံး ကြုံနေရတယ်လို့ ဒေသခံတွေက ပြောသလို ရန်ကုန်နဲ့ ဂွမြို့တွေကိုသွားတဲ့ ကားလမ်းတွေလည်း ပိတ်ထားရပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်ထဲက မြောက်ဦးမြို့မှာ လွန်ခဲ့တဲ့ တပတ်နီးပါးလောက်ကတည်းက မိုးအကြီးအကျယ် အဆက်မပြတ် ရွာနေလို့ မြစ်ရေ ချောင်းရေ တက်တာကို ကြုံနေရပြီး မြစ်ချောင်းတွေနဲ့ နီးတဲ့ ကျေးရွာတွေ ရေမြုပ်နေပါတယ်။ ဒီကနေ့ဆိုရင် မြောက်ဦးမြို့မှာ ရေကြီးတာ အဆိုးဆုံး ကြုံနေရပြီး ချောင်းဘေးရွာက ဒေသခံတွေဟာ ရေဘေးလွတ်ရာ မြောက်ဦးမြို့ထဲကို ပြေးလာနေကြရတယ်လို့ ပြောပါတယ်။ လတ်တလော ရေဘေးကြောင့် အိုးအိမ်စွန့်ခွာ ပြေးလာတဲ့သူ ၁,၀၀၀ နီးပါးလောက် ရှိနေပြီး သူတို့ဟာ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်နေကြရတယ်လို့ မြောက်ဦးမြို့က လူငယ်တဦးက ပြောပါတယ်။

“မြောက်ဦးမြို့အပြင် ချောင်းနဲ့နီးတဲ့ နေရာတွေမှာ အိမ်တွေမြုပ်တယ်။ ဆင်ခြားဆိတ်တို့၊ ကြက်စေးတို့၊ ဝက်သဲတို့၊ အဲဒီဘက်တွေမှာ ရေကြီးနေပါတယ်။ မိုးက အဆက်မပြတ် ရွာနေတာ ၇ ရက်လောက်ရှိပြီ။ ရေကြီးတာတော့ ၃ ရက်လောက်တော့ ရှိပြီ။ ဒီနေ့တော့ အဆိုးဆုံးပါပဲ။ မိန်းကလေးတယောက် သေသွားတယ်၊ ဒီနေ့ပဲ။ နေ့လယ် တနာရီခွဲလောက်က၊ ရေမြုပ်ပြီးသေတာ။ အိမ်ခြေ ရာနဲ့ချီပြီး ရှိပါတယ်။ လူတွေ ထောင်နဲ့ချီပြီး ဒုက္ခရောက်နေတာ။ လှေတွေနဲ့ ပြောင်းလာရတာ။”

မြောက်ဦးမြို့ခံ လူငယ်တဦးက သူတို့ဆီမှာ ကြုံနေရတဲ့ ရေကြီးတဲ့ အခြေအနေတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

တခါ ဂွမြို့ဘက်မှာလည်း မနေ့ကစလို့ ရေကြီး ရေလျှံတာတွေ ဖြစ်နေပါတယ်။ တချို့ကျေးရွာတွေမှာ ချောင်းရေတက်တာ၊ တောင်ကျရေ များတာတွေကြောင့်ရော နေအိမ်တွေ ရေမြုပ်တာ ကြုံနေရပြီး ရေဆင်းရေလာ မကောင်းတာတွေကြောင့်ပါ တံတားကျိုးတာ၊ လမ်းတွေပျက်ကုန်တာတွေ ဖြစ်နေပါတယ်။ မိုးဒဏ်ကြောင့် သစ်ပင်တွေ ပြိုကျပျက်စီးတာမျိုးတွေ၊ တချို့နေရာတွေဆို ဒီကနေ့ ရေကျသွားပေမဲ့ နေအိမ်တွေထဲ နုံးမြေတွေ ဝင်ကုန်တာမို့ အခုချိန်ထိ နေအိမ်တွေထဲ ပြန်မဝင်နိုင်တာမျိုးတွေလည်း ကြုံနေရတယ်လို့ ဂွမြို့နယ် ဒေသခံတဦးက ပြောပါတယ်။

“စီးကုန်းမှာဆိုရင် အိမ်က ၂ အိမ်ပျက်သွားတယ်။ ရဟိုင်ယားဆိုရင် ၂ အိမ်က ကျွတ်ပါသွားတယ်၊ တအိမ်ကတော့ ယိုင်သွားတယ်လို့ သိရတယ်။ မိုးကလည်း များသွားတယ်၊ တောင်ရေကလည်း ကျပြီးတော့ အကုန်စုံသွားပြီးတော့ ကားလမ်းတွေရော ရေကျော်ပြီးတော့ သမီးတို့ အိမ်ရှေ့တွေရော ရေတွေ တော်တော်ကျော်သွားတယ်။ ဘယ်လိုဖြစ်မှန်းကို မသိဘူး။ အကုန် ချောင်းတွေ ကန်တွေကလည်း ပိတ်ဆို့နေတော့ ရေက သွားစရာလမ်း မရှိတော့ အကုန်ဆို့ပြီးတော့ ရွာကို တက်လျှံသွားတာ။

“အိမ်တံစက်မြိတ်လောက် အထိကို ရေက တက်သွားတယ်။ ဆန်အိတ်တွေ လှောင်ထားတဲ့ အိမ်တွေဆို အများကြီးပဲ အိတ် ၂၀၀ လောက် ဆုံးရှုံးသွားတဲ့ အိမ်တွေလည်း ရှိတယ်။ ကလေးငယ်ငယ်လေးတွေ အကုန် မျောပြီးတော့ အိမ်တွေဆို အကုန်နစ်သွားတာ။”

အထူးသဖြင့် လမ်းတံတားတွေ ပျက်နေတာကြောင့် တခြားမြို့နယ်တွေဆီ သွားလာနေတဲ့ ယာဉ်အသွားအလာလည်း မလုပ်နိုင်ဘူးလို့ ပြောပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေကရော မြို့နယ်လူထုကပါ ရေဘေးဒုက္ခသည်တွေကို ရေဘေးလွတ်ရာကို ရွှေ့ပြောင်းနိုင်ဖို့သာ ကူညီပေးနိုင်တာမျိုး ရှိသေးတယ်လို့ ပြောပါတယ်။

“ရန်ကုန်သွားတဲ့ ကားတွေရော၊ ဂွက သံတွဲကိုထွက်တဲ့ ကားတွေရော အကုန်လုံး ပိတ်ထားတယ်။ ရဟိုင်ယားမှာဆိုရင် အိမ်က ဘယ်လိုမှ နေလို့မရဘူး။ အိမ်က အလုံးလိုက် ပါသွားတာလို့ ပြောတယ်။ မြို့ထဲက လူတွေက အဲဒီရွာကို သွားပြီး ထမင်းထုပ်တွေ ဘာတွေ ပို့နေကြတယ်။ ဒါပေမဲ့ အခုလောလောဆယ် လူတွေလောက်ပဲ ကူညီနိုင်သေးတယ်။ စားဖို့ သောက်ဖို့တွေ ပေးတာတော့ မရောက်သေးဘူး။”

ရခိုင်ပြည်နယ် မြောက်ဦးနဲ့ ဂွမြို့တွေမှာ ကြုံနေရတဲ့ ရေဘေးအခြေအနေတွေ ဖြစ်ပါတယ်။

အလားတူ ဧရာဝတီတိုင်းထဲက ဟင်္သာတမြို့မှာလည်း ရေကြီးနေလို့ ကျောင်းတွေ၊ ဈေးတွေ ပိတ်ထားရသလို ပုသိမ်မှာတော့ မြစ်ရေလျှံတဲ့အတွက် မြစ်ကမ်းဘေးက အိမ်တွေထဲ ရေတွေဝင်နေတယ်လို့လည်း ပုသိမ်မြို့ခံတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ မုတ်သုန်လေ အားကောင်းပြီး ကမ်းလွန်ပင်လယ်ပြင်မှာ ရံဖန်ရံခါ မိုးသက်လေပြင်းနဲ့အတူ လေတိုက်နှုန်း တနာရီ မိုင် ၄၀ ရှိနိုင်ကြောင်းနဲ့ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်ဘက်တွေ အပါအဝင် တခြား တိုင်းဒေသတချို့မှာ မိုးကြီးနိုင်ကြောင်း မြန်မာအစိုးရပိုင် သတင်းစာရဲ့ မိုးလေဝသ ခန့်မှန်းချက်မှာ ဖော်ပြ ရေးသားထားသလို မြောက်ဦးမြို့မှာ မိုးရေချိန်ဟာ ၅.၅၁ လက်မ ရှိနိုင်တယ်လို့လည်း ဖော်ပြ ရေးသားထားပါတယ်။