ရခိုင်ပြည်နယ်တွင်း တပ်ထောက်ခံပွဲများကြောင့် ရခိုင်တည်ငြိမ်ရေး စိုးရိမ်

အာဏာသိမ်းစစ်တပ်ကို ထာက်ခံ ဆန္ဒပြသူများ။ (ယခင်ပုံဟောင်း/ဖေဖေါ်ဝါရီ ၄ ရက်၊ ၂၀၂၁)

{{Zawgyi/Unicode}}

မြန်မာနိုင်ငံက မြို့တချို့မှာ အောက်တိုဘာ ၂၅ ရက်နေ့ကစလို့ စစ်ကောင်စီနဲ့ စစ်တပ်ထောက်ခံ ချီတက်ပွဲတွေလုပ်နေကြတာမှာ ဒီနေ့မှာတော့ ရခိုင်ပြည်နယ်ထဲက မြို့နယ်တချို့မှာ တပ်ထောက်ခံပွဲတွေ လုပ်ခဲ့ကြပါတယ်။ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ နားလည်မှုနဲ့ အပစ်အခတ်ရပ်ထားပြီး ရခိုင်ပြည်နယ်တည်ငြိမ်နေတဲ့အချိန်မှာ အခုလို တပ်ထောက်ခံပွဲတွေလုပ်တာဟာ ရခိုင်ပြည်နယ်ရဲ့ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေနိုင်တယ်လို့ ရခိုင်အရေး လေ့လာသူတွေက ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံ ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

အာဏာသိမ်းအုပ်ချုပ်နေတဲ့ စစ်ကောင်စီနဲ့ စစ်တပ်ထောက်ခံပွဲတွေကိုရခိုင်ပြည်နယ်ထဲက တောင်ကုတ်မြို့နဲ့ ကျောက်ဖြူမြို့တို့မှာ ဒီနေ့ အောက်တိုဘာ ၂၆ ရက်နေ့မှာ လုပ်ခဲ့ကြပါတယ်။ အင်အား ၅၀ ထက်မနည်း လူစုလူဝေးနဲ့ ချီတက်ထောက်ခံပွဲလုပ်ခဲ့ကြတာပါ။ တပ်မိသားစုဝင်တွေနဲ့ ကြံခိုင်ရေးပါတီဝင်တွေ စုပေါင်းထောက်ခံပွဲလုပ်ခဲ့တာဖြစ်တယ်လို့ဒေသခံတွေက ပြောပါတယ်။ တပ်ထောက်ခံပွဲတွေဟာ ရခိုင်ကိုယ်စားပြုလုပ်တာမျိုးမဟုတ်ဘဲ တပ်မိသားစုဝင်တွေ ဦးဆောင်ပြီးတော့ လုပ်တာဖြစ်တယ်လို့လည်း ရခိုင်လူ့အခွင့်အရေးလှုပ်ရှားသူ ကိုသန်းလှကပြောပါတယ်။

“အခုလုပ်တဲ့သူတွေက အဲဒီဒေသမှာ ရှိနေကြတဲ့ တပ်မတော် စစ်ကောင်စီရဲ့ မိသားစုဝင်တွေပေါ့နော်။ အဓိကအားဖြင့် သူတို့ပဲ ဦးစီးဦးဆောင်လုပ်ပြီးတော့ လုပ်တာဖြစ်တယ်။ ဒါကလည်း သူတို့ရဲ့အပေါ်က ခိုင်းစေချက်ကြောင့် လုပ်ရမယ်ဆိုပြီးတော့ လုပ်ရတာဖြစ်တယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ ဟိုဘက်ကနေပြီးတော့ ကျွေးထားတဲ့ မွေးထားတဲ့ထမင်းတွေ၊ ပိုက်ဆံတွေကို သူတို့စားသုံးပြီးတော့ အဲလိုမျိုးမလုပ်ဘဲ နေတယ်ဆိုရင်တော့ ဒါသူတို့အတွက် အန္တရာယ်များမဲ့ကိစ္စဖြစ်တာပေါ့နော်။ ဆိုတော့ အဲလိုမျိုးမလုပ် ရင်လည်း မရဘူးပေါ့လေ။ အရမ်းသနားစရာကောင်းတာပေါ့။”

တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား တိုက်ပွဲတွေရပ်ပြီး အခြေအနေတည်ငြိမ်နေတဲ့ ရခိုင်ပြည်နယ်မှာ ခုလို တပ်ထောက်ခံပွဲတွေလုပ်နေတာက ၂ ဘက်ကြား တည်ဆောက်ထားတဲ့ ရခိုင်ပြည်နယ်ရဲ့ တည်ငြိမ် အေးချမ်းရေး ပျက်သွားနိုင်တယ်လို့လည်း ရခိုင်ပြည်နယ်အရေး လေ့လာသုံးသပ်သူ ဦးဖေသန်းကပြောပါတယ်။

“ဒီလိုထောက်ခံတဲ့သူတွေက တပ်မတော်ကို ထောက်ခံတယ်ဆိုရင် ULA AA ထိန်းချုပ်ထားတဲ့ အများစု နေရာတွေမှာ လုပ်လို့မရဘူး။လုပ်တယ်ဆိုရင်ကော ULA AAကိုကန့်ကွက်တဲ့ သဘောလား။ တပ်နဲ့ AA က လောလောဆယ် နားလည်မှုအရ ငြိမ်းချမ်းရေးကို တည်ဆောက်ထားတာပဲရှိတယ်။ သဘောတူညီချက်အရ ရေရှည်မှာ ဘယ်လောက်သွားမယ် မသွားဘူးဆိုတာပြောလို့မရဘူး။ အဲဒီကာလမျိုးမှာ တပ်ကို တဘက်သတ် ထောက်ခံခြင်းအားဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ထားတာကို သွားပြီး ထင်ဟပ်စေတယ်။ AA ကို မထောက်ခံဘူးလားဆိုတဲ့ မေးခွန်းတွေလည်း ပေါ်လာတယ်။ ခြုံပြောရရင် ဒါက လူတစု တယောက်ကလုပ်တဲ့ပွဲဖြစ်တယ်။ ဒုတိယတချက်ကတော့ ရခိုင်ပြည်နယ်ရဲ့ တည်ငြိမ်အေးချမ်းရေးကို ဒီအချိန်မှာ ရောင်ပြန်ဟပ်တယ်။ မဖြစ်သင့်ဘူးလို့ ကျနော်ထင်တယ်။ ဒါမျိုးဆက်တိုက်ဖြစ်ရင် တော့ တဘက်နဲ့တဘက် နားလည်မှုနဲ့ တည်ဆောက်ထားတဲ့ ငြိမ်းချမ်းရေးတောင်မှ ပျက်သွားနိုင်တယ်လို့ကျနော်မြင်တယ်။”

ဒီနေ့ စစ်ကောင်စီ ထောက်ခံပွဲလုပ်တဲ့ တောင်ကုတ်နဲ့ကျောက်ဖြူမြို့တွေဟာ AA အဖွဲ့ ထိန်းချုပ်မှု အားနည်းတဲ့ နေရာတွေဖြစ်ပါတယ်။ ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် နိုင်ငံအဝှမ်း စစ် အာဏာရှင်ဆန့်ကျင် ဆန္ဒပြမှုတွေ ရှိခဲ့ပေမယ့် ရခိုင်ပြည်နယ်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေလောက်သာ အာဏာရှင်ဆန့်ကျင်မှုတွေ လှုပ်ရှားခဲ့တာရှိခဲ့ပြီး တပြည်လုံးအတိုင်းအတာနဲ့ ဆန့်ကျင်တာမျိုးတွေ မရှိခဲ့ပါဘူး။

ရခိုင်လက်နက်ကိုင် AA အဖွဲ့ဟာ ရခိုင်ပြည်နယ်ထဲမှာ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးပိုင်းကို လုပ်ဆောင်တာတွေ ရှိနေပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်ရဲ့ တည်ငြိမ်အေးချမ်းရေးအတွက် စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားတာတွေကို ထိန်းချုပ်ခဲ့တာ ဖြစ်နိုင်တယ်လို့လည်း ဦးဖေသန်းက သုံးသပ်ပါတယ်။“တပ်မတော်က အာဏာသိမ်းကတည်းကပေါ့နော်။ ULAAA နဲ့လည်း တိုက်ပွဲတွေ ရပ်တန့်ထားသလို ဒီဘက်ကလည်းပဲ PDF လှုပ်ရှားမှုတွေ CDMလှုပ်ရှားမှုတွေ အဲလိုလည်း ဒီဘက်မှာ မပေါ်ဘူး။ AA ကလည်း ဒါမျိုးမပေါ်အောင်ထိန်းချုပ်တယ်။ ဘာလို့လဲဆိုတော့ ပြည်နယ်မှာ စစ်မဖြစ်ကာလဆိုတော့ တဘက်ကလည်း ထိန်းသိမ်းနေတဲ့ ကာလမျိုးဖြစ်တယ်။”

မြန်မာနိုင်ငံအတွင်းက စစ်တပ်နယ်မြေလို့ လူသိများတဲ့ ပြင်ဦးလွင်၊ မိတ္တီလာ၊ နေပြည်တော်၊ မတ္တရာမြို့တွေမှာ တူညီဝတ်စုံဝတ်ဆင်ထားသူတွေအပြင် စစ်မှုထမ်းဟောင်းတချို့နဲ့ အမျိုးသားရေးထောက်ခံသူတွေ ရာနဲ့ချီ ချီတက်လမ်းလျှောက်ကြပြီး တိုင်းပြည်အာဏာရယူထားတဲ့ မြန်မာစစ်တပ်ကိုထောက်ခံကြောင်း အောက်တိုဘာ ၂၅ ရက်ကစပြီး ဆန္ဒဖော်ထုတ်ပွဲ စလုပ်လာတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က သံတွဲ၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ မွန်ပြည်နယ် မော်လမြိုင်တို့မှာလည်း တပ်ထောက်ခံပွဲတွေ မနေ့က ရှိခဲ့ပါတယ်။ ဒီကနေ့မှာတော့ ရခိုင်ပြည်နယ်အတွင်းက တောင်ကုတ်နဲ့ ကျောက်ဖြူမြို့နယ်တွေမှာ တပ်ထောက်ခံပွဲတွေ လုပ်ခဲ့တာဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာနိုင်ငံအနံ့ှ မြို့နယ်အတော်များများမှာ မလိုအပ်ဘဲ အပြင်မထွက်ဖို့ Stay at home အမိန့်ကို ကျန်းမာရေးဌာနက ထုတ်ပြန်ထားသလို တချို့မြို့နယ်တွေမှာ လူ ငါးဦးထက် ပို မစုဖို့ ဒေသန္တရအမိန့်တွေ ထုတ်ပြန်ထားတာပါတယ်။

Your browser doesn’t support HTML5

ရခိုင်ပြည်နယ်တွင်း တပ်ထောက်ခံပွဲများကြောင့် ရခိုင်တည်ငြိမ်ရေး စိုးရိမ်


==========

{{Unicode}}











#Rakhine #MyanmarMilitaryCoup #VOABurmese


==========