သံတွဲ အကြမ်းဖက်မှု ၅ ဦးသေဆုံး

ရခိုင်ပြည်နယ် သပြုချိုင်ရွာက အကြမ်းဖက် တိုက်ခိုက်ခံရပြီးမြင်ကွင်း သတင်းသမားတစ်ဦး လိုက်လံကြည့်ရူ့နေစဉ်။။ (အောက်တိုဘာလ ၂၊ ၂၀၁၃)။

ရခိုင်ပြည်နယ်၊ သံတွဲမြို့နဲ့ ၁၆မိုင်လောက်ပဲ ဝေးတဲ့ သပြုချိုင်ရွာက အကြမ်းဖက်မှုတွေ အတွင်း သေဆုံးသူ အရေအတွက် ငါးဦးအထိ ရှိသွားပါပြီ။ ဒါ့အပြင် နေအိမ်နဲ့ အဆောက်အဦးအများအပြားလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ ဒီကနေ့မှာလည်း မြို့ပေါ်က ရပ်ကွက်လေးတစ်ခုမှာ ဆူပူမှုဖြစ်ခဲ့ပေမဲ့ အချိန်မှီထိန်းသိမ်းလိုက်နိုင်တယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ဗွီအိုအေကိုပြောပါတယ်။ သမ္မတဦးသိန်းစိန် ရခိုင်ပြည်နယ် ဘက်ရောက်နေချိန်မှာပဲ မတည်ငြိမ်ဆက်ဖြစ်နေသေးတဲ့ သံတွဲမြို့နဲ့ ပတ်ဝန်းကျင်က နောက်ဆုံးအခြေအနေတွေကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ပုဒ်မ ၁၄၄ထုတ်ပြန်ထားတဲ့ ရခိုင်ပြည်နယ် သံတွဲမြို့မှာ အချင်းချင်း စကား များရာကနေ စခဲ့ပြီးတဲ့နောက် မီးရှို့မှု၊ သတ်ဖြတ်မူတွေ ဖြစ်ပွားခဲ့ရတဲ့ အဓိက ရုဏ်းတွေအတွင်း သပြုချိုင်ရွာသား ၅ဦး သေဆုံးခဲ့ရတယ်လို့ အလောင်းတွေ သယ်ဆောင်ရာမှာ ပါဝင်ခဲ့တဲ့ ဒေသခံရွာသားက ပြောပြပါတယ်။

"သပြုချိုင်မှာ သေတဲ့အလောင်းတွေဆီရောက်သွားတာ၊ အလောင်း ငါးလောင်းရောက် သွားတာပါ၊ အလောင်းတွေက ရင်ခွဲရုံကနေ အခုင်္သချိုင်း ဇရပ်မှာ ထားပါတယ်။ သေဆုံးတာ ငါးယောက်စလုံးက မူစလင်ထဲကပါ။ အဲ့ဒီ့ထဲမှာ သေနတ်ဒဏ်ရာနဲ့ နှစ်ယောက်ပါပါတယ်။ အမျိုးသားနှစ်ယောက် သေနတ်ဒဏ်ရာနဲ့ပါ။"

သပြုချိုင်ရွာမှာ စတင် ဖြစ်ပွားခဲ့ရတဲ့ အဓိကရုဏ်းနဲ့ ပတ်သက်ပြိး အခုလိုပြော သွားပါတယ်။

" မနေ့က သပြုချိုင်ရွာမှာ ပထမဆုံး သူတင်း၊ ကိုယ်တင်း၊ ချကြတာပေါ့။ လူစုလူဝေးနဲ့ တက်လာတော့ သပြုချိုင်ရွာသားတွေက တားထား တာပေါ့။ ချောင်းကို တားထားတဲ့ တာဘောင်ရှိတယ်။ တာဘောင် ကိုကျော်ပြီး ဟိုဘက်က လောက်လေးခွနဲ့ချ၊ ဒီဘက်က လောက်လေးခွနဲ့ချကြတော့ လုံထိန်းနဲ့ရဲအဖွဲ့က လူစုခွဲပစ်လိုက်တယ်။ လုံထိန်းတပ်ဖွဲ့တွေက အိမ်ပေါ်တွေ တက်ပြီး ဒီလိုမပစ်ရဘူး။ ဒီလိုမပစ်ရဘူးဆိုပြီး ဓားတွေ၊ တုတ်တွေကို အကုန်လုံး သိမ်းသွားတယ်။ မိနစ်၂၀လောက်ကြာတော့ ဟိုက လူအုပ်ကြီးက ပြန်တက် လာပြီးတော့ နေအိမ်တွေကို မီးရှို့တယ်။ လိုက်ပြီးတော့ ဓားနဲ့ခုတ်တယ်။ အဲ့တော့ ထွက်ပြေးကြတာပေါ့။ အင်အားက သုံးရာနဲ့လေးရာ ကြားမှာ ရှိတယ်။ ဗလီထဲမှာ ဝင်ပုန်းနေတာပါ။ ကြောက်ပြီးတော့ ဝင်ပုန်းနေတာကို၊ ထွက်ထွက် ဆိုပြီး ပစ်တာပါ။ လုံထိန်းက ပစ်တာပါ။ လုံထိန်းက ထွက်ခိုင်းပြီးတော့ ပစ်ပြီးတော့ ဗလီကို မီးရှို့ပစ်လိုက်တာပါပဲ။

သေဆုံးမူတွေနဲ့ ပတ်သက်လို့ အတည်ပြုနိုင်ဖို့အတွက် သံတွဲခရိုင် ရဲတပ်ဖွဲမှူး ရုံးကို ဆက်သွယ်တဲ့အခါမှာတော့ပြောဆိုမယ့် တာဝန်ရှိသူ မရှိသေးတဲ့အတွက် မဖြေကြားပေးနိုင်သေးကြောင်းပြောပြပါတယ်။

" မရှိပါဘူးခင်ဗျ။ ဒီနေ့သေဆုံးတဲ့သူတစ်ယောက်မှ။

မေး။ ။ ဟုတ်ကဲ့ မနေ့က သေဆုံးတာကရော။

"ကျနော်တို့ ပြောမယ့်ခေါင်းဆောင် အပြင်ထွက်သွားလို့ပါခင်ဗျ။"

အခင်းဖြစ်ပွားမှုတွေ အတွင်း သံတွဲမြို့ သပြုချိုင်ရွာ၊ ပေါက်တောရွာ ၊ အောင်မင်္ဂလာကုန်းက မဲကျွန်းရွာ စတာတွေ ကတော့ မီးရှို့ဖျက်ဆီး ခံခဲ့ရတယ်လို့ ကမန်လူငယ်ခေါင်းဆောင် တဦးကတော့ပြောပါတယ်။

သံတွဲမြို့က သတင်းမှန်ဖော်ထုတ်ရေး အဖွဲ့ဝင် ဦးဝင်းနိုင် ကတော့ အောက်တိုဘာလ ၂ရက်နေ့ မှာလည်း မြို့ပေါ်ရပ်ကွက်မှာ အနည်းငယ် ဆူပူမူဖြစ်ပွားခဲ့ပေမဲ့ အခြေအနေကို ထိန်းသိမ်းလိုက်နိုင်ကြောင်း ဒါပေမဲ့ နယ်ဘက်တွေမှာ လုံခြုံမှု မရှိသေးသလို သပြုချိုင်ရွာဘက် ကနေတောတောင်တွေထဲ ပြေးလွား ပုန်းခိုနေရတဲ့သူတွေရဲ့ လုံခြုံရေးနဲ့ စားဝတ်နေရေးအတွက် အစိုးရက တာဝန်ယူပေးစေချင်တယ်လို့ဆိုပါတယ်။

"ဒီနေ့နေ့ခင်းမှာတော့ ရုတ်ရုတ်၊ ရုတ်ရုတ်ဖြစ်သွားတယ်လေ။ (၅)ရပ်ကွက် ထဲမှာဖြစ်သွားတော့ သေနတ်လေး၊ငါးချက်လောက်ပစ်ဖောက်ပြီးတော့ လူစုခွဲလို့ကွဲသွားပါတယ်။ ပြေးလွှားပြီးတော့ ပြေးနေရတဲ့ တောထဲမှာ ပုန်းနေရတယ်လေ။ သူတို့အဖွဲ့တွေက စားစရာ၊ ရိက္ခာမရှိကြဘူး။ သူတို့ကို ဘေးလွတ်ရာကို ရောက်စေချင်တယ်ပေါ့လေ။ ရောက်စေချင်ပေမဲ့ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက် Pass ရမှ ဖြစ်မှာကိုး။ ပုန်းနေတဲ့အဖွဲ့တွေကို တိတိကျကျ ရှာဖွေပြီးတော့ ပြန်ပြီးတော့ ရွာသားတွေနဲ့ ရပ်မိရပ်ဖတွေနဲ့ သွားပြီးတော့ တစ်နေရာရာ၊ လုံခြုံတဲ့နေရာ မှာ ရောက်စေချင်တယ်ဗျာ။ ကျနော်အနေနဲ့ကတော့။"

ရခိုင်အမျိုးသားတိုးတက်ရေးပါတီအတွင်းရေးမှူး ဦးဉ်ီးလှစောကတော့ ရခိုင်ပြည်နယ်တွင်းဖြစ်ရပ်တွေအတွက် စိတ်ပျက်မိကြောင်းနဲ့ အဓိကရုဏ်းကို ဖန်တီးတဲ့ တာဝန်ရှိတဲ့သူတွေကို ထိရောက်စွာဖော် ထုတ်စေချင်တယ်လို့ပြောသွားပါတယ်။

"တစ်ရက်နေ့ကပဲ ရန်ကုန်မှာ ဗုဒ္ဓ တက္ကသိုလ်မှာ သီတဂူဆရာတော်ကြီးတို့၊ တခြားနိုင်ငံတကာ ဘာသာရေးခေါင်းဆောင်တွေ၊ နောက် ဒယ်ရစ်မစ်ချယ် (မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်) လည်းတွေ့ပါတယ်။ ဦးအောင်မင်းလည်းတွေ့ပါတယ်။ အဲ့ဒီ့လူတွေက မြန်မာနိုင်ငံမှာ ဘာသာတရားနဲ့ ငြိမ်းချမ်းရေးအတွက် ပြောနေတဲ့အချိန်မှာ သံတွဲမှာ မီးတွေလောင်၊ အိမ်တွေမီးရှို့၊ လူတွေသတ်နေတယ်ဆိုတော့ အဲ့ဒီ့တိုင်းပြည်မှာ တကယ့်မင်းမဲ့တိုင်းပြည်တခုလိုဖြစ်နေတယ်။

ကျနော်တို့ နောက်တခုက ရခိုင်မှာ လာဖြစ်တယ် ဆိုတော့ ရခိုင်တွေ အတွက် စိတ်မကောင်းဘူး။ ကျနော်တို့ ရခိုင်တွေ အင်မတန်ကံဆိုးတာပဲ။ အဓိက ကျနော်တို့ရခိုင်က တာချက် လိုဖြစ်နေတယ်။ နောက် ပြဿနာက ဖြစ်တော့ လည်း ကျနော်တို့ RNDP ကပဲ ပါသလိုလို၊ ကျနော်တို့ကို ဆွဲချတာ မျိုးတွေက ပေါ်လာပြန် တယ်။ တော်တော်လေး စိတ်ညစ်ပါတယ်။ စိတ်ပျက်ဖို့ လည်းကောင်း တယ်။ တမင်လုပ်တာလားတော့ သံသယတော့ရှိတယ်ဗျ။ လက်သည်တရားခံကို ထိထိရောက်ရောက် ဖော်ထုတ်စေချင်ပါတယ်။

သံတွဲမြို့ပေါ်မှာတော့ လုံခြုံရေး တင်းကြပ်မူတွေ ရှိနေပြီး မြို့ပေါ်လူုထုတွေ ထက် ကျေးရွာတွေဘက်မှာတော့ လုံခြုံရေးတွေ အားနည်းနေသေးတဲ့အတွက် အစွန်အဖျားကျေးရွာတွေက လူထုတွေက စိုးရိမ်မူတွေ ပိုကြီးနေကြတယ်လို့ ဆိုပါတယ်။ ဒေသခံတွေကတော့ နောက်ထပ် အဓိကရုဏ်းတွေ မဖြစ်လာရေးတွေ အတွက် သူတို့ ဘာသာ ကာကွယ် တားဆီးနိုင်ဖို့ ပြင်ဆင်နေကြတယ်လို့ဆိုပါတယ်။