{Zawgyi/Unicode}
ကိုဗစ်ကူးစက်မှုတွေကြောင့် ၃ လနီးပါးပိတ်ထားရတဲ့ ရခိုင်ပြည်နယ် နယ်စပ်ကုန် သွယ်ရေးကို ဒီနေ့ အောက်တိုဘာ ၁၄ ရက်နေ့မှာ ပြန်လည် ဖွင့်လှစ်ခဲ့ပါတယ်။ ကိုဗစ် ကပ်ရောဂါကြောင့် ဇူလိုင်လကတည်းက ပိတ်ထားတဲ့ ရခိုင်ပြည်နယ် နယ်စပ် ကုန်သွယ်ရေးကို ပြန်ဖွင့်လိုက်ပေမယ့် ကုန်ကူးသူတွေအနေနဲ့ ကိုဗစ်စည်းကမ်းချက်တွေနဲ့အညီ လိုက်နာရမယ့် ကန့်သတ်ချက်တွေတော့ ရှိနေပါသေးတယ်။ ဘယ်လို ကန့်သတ်ချက်တွေလဲဆိုတာ ရန်ကုန်ကလာတဲ့ သတင်းကို ကိုအောင်မြတ်သူက တင်ပြပေးထားပါတယ်။
ရခိုင်ပြည်နယ်မှာ ကိုဗစ်ကူးစက်မှုတွေကြောင့် ဇူလိုင်လကတည်းက ပိတ်ထားရတဲ့ ရခိုင်နဲ့ ဘင်္ဂလားဒေရှ့်နယ် စပ်ကုန်သွယ်ရေးဂိတ်တွေကို ဒီနေ့ အောက်တိုဘာ ၁၄ ရက်မှာ ပြန်လည် ဖွင့်ပေးလိုက်ပါတယ်။ ရခိုင်ပြည်နယ်မှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှု ကျဆင်းသွားပြီဖြစ်လို့ နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်လိုက်ပေမဲ့ ကိုဗစ်ကပ်ရောဂါဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်တွေနဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ပြန်ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။
နယ်စပ်ကုန်သွယ်ရေးတွေ ပိတ်ထားခဲ့စဉ် အခက်အခဲကြုံခဲ့ရတဲ့ ကုန်သည်တွေ၊ ကုန်သွယ်ရေးဂိတ်တွေမှာ လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေအတွက် အလုပ်အကိုင်တွေ ပြန်လည် ရနိုင်မှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးကပြောပါတယ်။
“အဓိကတော့ နယ်စပ်ကုန်သွယ်ရေးကတော့ ဖွင့်ပြီပေါ့နော်။ ပွင့်ပြီဆိုတော့ ကျနော်တို့ ကုန်သည်တွေအတွက်ကတော့ ဘာပဲဖြစ်ဖြစ် အသက်ရှူပေါက်တော့ ရသွားတာပေါ့လေ။ အရင်တုန်းကတော့ ပိတ်သွားတဲ့အတွက် အခက်အခဲတွေ အများကြီးပဲ။ သူနဲ့ဆက်စပ်တဲ့ဟာတွေလည်း အများကြီးပဲ ကြုံခဲ့ရတယ်။ အခုတော့ ဖွင့်ပြီဆိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေကလည်း ကိုဗစ်စည်းကမ်းနဲ့အညီ ထိန်းချုပ် တင်းကြပ်တာတွေတော့ ရှိလာပါတယ်။ ဒါ ရှိရမယ့်ကိစ္စတခုလည်း ဖြစ်တယ်။ ကျနော်တို့ ကုန်သည်တွေဘက်ကလည်း စည်းကမ်းတွေပေါ်မှာ တကယ်စိတ်ပါလက်ပါ ပူးပေါင်းပြီးတော့ ဒါကတော့ ကိုယ့်နိုင်ငံ ကိုယ်ပြည်နယ်အတွက်ပဲလေ၊ ကိုဗစ် ကို ကာကွယ်ဖို့အတွက်ကျတော့ အားလုံးပူးပေါင်း လုပ်ဆောင်မှပဲ ဒီနယ်စပ်ကုန်သွယ်ရေးလုပ်ငန်းကတော့ ရေရှည်ရှင်သန်နိုင်မယ်လို့ မြင်ပါတယ်ခင်ဗျာ။”
နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေမှာ အလုပ်လုပ်သူတွေအနေနဲ့ လိုက်နာရမယ့် ကိုဗစ်စည်းကမ်းချက်တွေ သတ်မှတ် တင်းကြပ်ထားတာကိုလည်း သူက ခုလိုရှင်းပြပါတယ်။
“ကိုဗစ်နဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကတော့ ရှိပါတယ်။ ကုန်နဲ့ပတ်သက်တဲ့ စည်းကမ်းတွေကတော့ အရင်အတိုင်းပါပဲ။ လက်ရှိ ကိုဗစ်စည်းကမ်းတွေကတော့ ပြည်နယ်အစိုးရကနေပြောတာတော့ အဓိကတော့ လှေနဲ့လိုက်ပ့ါမယ့် လှေသားတွေရယ် နောက်တစ်ခုက ကုန်တင်ကုန်ချလုပ်တဲ့ စစ်တွေဆိုရင်လည်း ရွှေမင်းဂံ ဆိပ်ကမ်း မောင်တောဆိုရင်လည်း ကညင်ချောင်းစီးပွားရေးဇုန်ပေါ့လေ အဲဒီထဲမှာရှိတဲ့ ကုန်တင်ကုန်ချ အလုပ်သမားတွေရော ဆေးနှစ်ခါထိုးပြီးသားဖြစ်ရမှပဲ လိုက်ခွင့်ပေးမယ်လို့တော့ တိတိကျကျညွန်ကြားထားပါတယ်။”
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကျပ်ငွေ တန်ဖိုးကျလာတာကြောင့် ပြည်တွင်း ကုန်းဈေးနှုန်းတွေနဲ့ စက်သုံးဆီဈေးတွေ မြင့်တက်နေပါတယ်။ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးပြည်နယ်တခုဖြစ်တဲ့ ရခိုင်ပြည်နယ်မှာလည်း ကုန်ဈေးနှုန်းနဲ့စက်သုံးဆီဈေးတွေ မြင့်တက်လာနေတာကြောင့် နယ်စပ်ကုန်သွယ်ရေးမှာလည်း သယ်ယူပို့ဆောင်ရေးစရိတ်တွေ မြင့်တက်လာနိုင်ပေမယ့် အများကြီးတော့ မတက်နိုင်ဘူးလို့ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက တွက်ပါတယ်။
“စက်သုံးဆီဈေး မြင့်တက်လာနေတဲ့အတွက် ကားခတွေကတော့ အပြောင်းအလဲတွေတော့ ဖြစ်လာနိုင်တယ်။ နောက်တခုက ဒီကနေပြီးတော့ လှေနဲ့သွားပို့ရတဲ့အတွက် ဒီလှေရဲ့ စရိတ်ပေါ့နော်။ အဲဒါတွေကလည်း နည်းနည်းလေး သူတို့မှာ တက်ကောင်းတက်သွားနိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့အသင်းအနေနဲ့ မေ ျှာ်မှန်းထားတာကတော့ တအားကြီး ထိုးတက်သွားဖို့အတွက် မမျှော်မှန်းထားပါဘူး။ ပုံမှန်အားဖြင့် တက်တာတော့ တက်မယ်။ ဒါပေမယ့် ထိန်းချုပ်လို့ ရနိုင်တယ်လို့ ကျနော်တို့ မျှော်မှန်းထားပါတယ်။”
အလုပ်ရုံစက်ရုံတွေနဲ့ အလုပ်အကိုင်အခွင့်အလမ်းရှားပါးတဲ့ ရခိုင်ပြည်နယ်မှာ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေကို မှီခိုပြီးတော့လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေ ထောင်နဲ့ချီရှိနေတာကြောင့် နယ်စပ်ကုန်သွယ်ရေးတွေ ပြန်ဖွင့်ပေးလိုက်တာဟာ လုပ်ငန်းရှင်တွေအတွက်သာမကထောင်နဲ့ချီတဲ့ ရခိုင်ပြည်သူတွေအတွက်လည်း ဝင်ငွေရှာနိုင်ကြမှာဖြစ်ပါတယ်။
အခုလို ရခိုင် နယ်စပ်ကုန်သွယ်ရေးကို ပြန်ဖွင့်ပေးလိုက်ပေမယ့် စားသောက်ဆိုင်တွေ၊ အပန်းဖြေကမ်းခြေတွေကို ပြန်ဖွင့်မပေးသေးသလို လိုက်နာရမယ့် ကိုဗစ်စည်းကမ်းချက်တွေကို ထုတ်ပြန်ထားဆဲဖြစ်ပါတယ်။ ပြည်နယ်ထဲမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှှုကတော့ ၅% အောက် ရောက်နေပြီလို့ ပြည်နယ် ကျန်းမာရေးဦးစီးဌာနက ပြောကြားထားပါတယ်။
Your browser doesn’t support HTML5
==========
{Unicode}