မောင်တောအခြေအနေ ဆန်းစစ်ဖို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့အဖွဲ့ သွားမည်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ဖြစ်စဉ်အမှန် ဖော်ထုတ်ဖို့ ပြည်နယ်အစိုးရအဖွဲ့နဲ့
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ သွားရောက်နေကြပြီ ဖြစ်ပါတယ်။ အမှုမှန်ပေါ်ပေါက်ရေးနဲ့ တရားဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ရေး ဒေသတွင်း လုံခြုံရေးကို ပိုပြီး စနစ်တကျ ဆောင်ရွက်နိုင်ဖို့ စီစဉ်နေတယ်လို့ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် က ပြောပါတယ်။

ရဲအရာရှိတစ်ဦး ပျောက်ဆုံးနေပြီး လူအများအပြားလည်း ထွက်ပြေး တိမ်းရှောင်နေရတဲ့ မောင်တောမြို့ရဲ့ လုံခြုံရေးအခြေအနေ စိုးရိမ်စရာ အနေအထားဖြစ်နေလို့ တရားဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ကိုလည်း
ဒေသခံတွေက လိုလားနေကြပါတယ်။ အပြည့်အစုံကိုတော့ မဆုမွန်က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့က အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောမြို့က ဖြစ်စဉ်အမှန်ကို စုံစမ်းဖော်ထုတ်နိုင်ဖို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အစိုးရတာဝန်ရှိသူတွေ သွားရောက် ကြည့်ရှုစစ်ဆေးကြတော့မှာဖြစ်တယ်လို့ သမ္မတပြောခွင့်ရ ဒုတိယပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ကျနော်သိတာတော့ လောလောဆယ် အဲ့ဒီမှာ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ကတော့ အဲ့ဒီဒေသကို ရောက်နေပါတယ်။ မနက်ဖြန် သို့မဟုတ် သန်ဘက်ခါမှာတော့ ပြည်နယ်ဝန်ကြီးချုပ်ရယ်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဝန်ကြီးတွေရယ်၊ နောက် ဗူးသီးတောင်၊ မောင်တော ဒေသက ရပ်မိရပ်ဖတွေပေါ့ အဲ့ဒါတွေကတော့ အဲ့ဒီဒေသကို သွားဖို့ ရှိပါတယ်။ ပထမတချက်ကတော့ AP ရဲ့ မမှန်မကန် သတင်းထုတ်လွှင့်မှုကြောင့် လူမျိုးစုနှစ်ခု လူ့အသိုင်းအဝိုင်းနှစ်ခုကြားထဲမှာ စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာတာပေါ့ဗျာ။ ပုံကြီးချဲ့ပြီးတော့ တွက်တဲ့အတွက်ကြောင့် စိုးရိမ်ပူပန်မှုတွေ ဖြစ်တာပေါ့။ အဲ့တော့ ခုန ကျနော်တို့ ဝန်ကြီးချုပ်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဘာတွေ သွားပြီးတော့ ဒီကိစ္စကို မမှန်ကန်ကြောင်း ထပ်ပြီးတော့ သက်သေပြလိုက်မယ်ဆိုရင်တော့ ဒါတွေက ပပျောက်သွားမှာပေ့ါ။ အဲတော့ သံရုံးတွေ ဘာတွေဆိုတာကလည်းဗျာ ဒီလိုသတင်းမျိုးရလို့ရှိရင် သက်ဆိုင်ရာ ပြည်နယ်အစိုးရတို့ ပြည်ထောင်စု အစိုးရတို့ကို မေးမြန်းစုံစမ်းသင့်တာပေါ့။ ဒီသတင်းတပုဒ်ကို အခြေပြုပြီးတော့မှ ကောက်ချက်တွေ စွဲတာကျတော့လည်း နည်းနည်းလေး အစိုးရိမ်လွန်ရာ ရောက်တယ်လို့ ကျနော် ထင်တာပဲ။”

အခုဆိုရင် ရခိုင်ပြည်နယ် မောင်တောမြို့ ဒေသခံပြည်သူတွေကြား
ကောလဟာလ သတင်းစကားမျိုးစုံ ပျံ့နှံ့နေတဲ့အပေါ်မှာလည်း ပြစ်မှုနဲ့ မသက်ဆိုင်တဲ့ ဒေသခံတွေအနေနဲ့ စိုးရိမ်စရာမလိုဘဲ၊ အမှုမှန်ပေါ်ပေါက်ရေး ကျူးလွန်သူတွေကို ဝိုင်းဝန်း ဖော်ထုတ်ပေးဖို့ ကြိုးပမ်းပေးကြပါလို့ ဒေသခံ
ပြည်သူတွေကို အစိုးရတာဝန်ရှိသူတွေက မေတ္တာရပ်ခံထားပါတယ်လို့လည်း သမ္မတပြောခွင့်ရ ဦးရဲထွဋ် က ပြောပါတယ်။

“ပထမဆုံးကတော့ ဒီဒေသမှာရှိတဲ့ လူမျိုးမရွေး၊ ဘာသာမရွေးပေါ့ သူတို့ရဲ့ အသက်အန္တရာယ်နဲ့ အိုးအိမ်စည်းစိမ်ကို ကျနော်တို့ ကာကွယ်ဖို့ တောက်လျှောက် ဆောင်ရွက်နေတာပဲ။ ပြီးခဲ့တဲ့ ရဲတပ်ကြပ်ကြီး တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ဆိုရင် နယ်မြေလုံခြုံရေးအတွက် ကင်းလှည့်နေရင်းနဲ့ အဲ့ဒီရွာကို ဝင်တဲ့အချိန်မှာ အတိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒီလိုဖြစ်စဉ်မျိုး ထပ်မဖြစ်အောင် လက်နက်ကိုင်တပ်ဖွဲ့တွေဘက်ကလည်း ကြိုတင်ပြင်ဆင်တာတွေ လုပ်သလို၊ နယ်မြေ လုံခြုံရေးအတွက်လည်း ကျနော်တို့ ထပ်ပြီးတော့မှ တိုးမြှင့်ဆောင်ရွက်နေတာတွေတော့ ရှိတာပေါ့။ ဒါပေမဲ့ လုံခြုံရေးကိစ္စ ဖြစ်တဲ့အတွက်ကြောင့်မို့ ကျနော်တို့က အသေးစိတ် ပြောပြလို့ မရဘူး။ ၂ ကတော့ အဲ့ဒီမှာပျောက်ဆုံးနေတဲ့ ရဲတပ်ကြပ်ကြီးနဲ့ ပတ်သက်ပြီးတော့ အမှုမှန်ကို ဖော်ထုတ်နိုင်ဖို့ ကျနော်တို့ ကြိုးစားနေတယ်။ စိုးရိမ်ပြီး ရှောင်နေတဲ့ ရွာသားတွေရှိရင်လည်း ပြစ်မှုမှာ မပတ်သက်ဘူးဆိုရင် ဘာမှ စိုးရိမ်စရာ မရှိဘူး။ မိမိဒေသမှာ အေးအေးချမ်းချမ်း နေနိုင်တယ်။ အဲ့ဒီအမှုမှန်ပေါ်ပေါက်ဖို့ပဲ ရပ်ရွာက ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးဖို့ ဆိုပြီးတော့ ကျနော်တို့ မေတ္တာရပ်ခံနေတယ်။ ခုနပြောသလိုပဲ ဒါတွေကို သက်ဆိုင်ရာ ကျန်တဲ့ဒေသက ရပ်မိရပ်ဖတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင် လေ့လာနိုင်အောင်လို့ ဝန်ကြီးချုပ် ဦးစီးပြီးတော့ အဲ့ဒီဒေသကို သွားဖို့ လုပ်နေတယ်။ လောလောဆယ်တော့ အဲ့ဒီ သုံးချက်ကို ကျနော်တို့ လုပ်နေပါတယ်။”

ဒေသတွင်း လုံခြုံမှုရှိစေဖို့ ပြည်နယ်အစိုးရဘက်ကရော၊ နယ်မြေလုံခြုံရေး တပ်ဖွဲ့တွေဘက်က လုံခြုံရေးအင်အားတွေ တိုးချထားသလို ပျောက်ဆုံးနေဆဲ ရဲတပ်ကြပ်ကြီးကို လိုက်လံရှာဖွေနေဆဲ အနေအထားဖြစ်လို့ မောင်တောမြို့ အခြေအနေဟာ တည်ငြိမ်မှုမရှိသေးဘဲ ဒေသခံပြည်သူတွေကြား စိုးရိမ်ကြောက်လန့်နေကြတဲ့ အနေအထားဖြစ်နေဆဲပဲလို့ ဒေသခံ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင် ကပြောပါတယ်။

အခုလို ဖြစ်ပွားခဲ့တဲ့ အနေအထားမှာ အခုချိန်အထိ ဒေသခံပြည်သူတွေကြား အကြောက်တရား ကြီးစိုးမှုတွေရှိနေပြီး လုံခြုံရေးကို စိုးရိမ်ကြောက်လန့်နေရတဲ့အချိန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ တရားဥပဒေအတိုင်း ဆောင်ရွက်ဖို့နဲ့ အခင်းဖြစ်ပွားခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အာဏာပိုင်တွေဘက်က ကိုင်တွယ်ဖြေရှင်းရာမှာ ပွင့်လင်းမြင်သာမှုရှိဖို့ ဒေသခံတွေက လိုလားတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင် ကလည်း ပြောပါတယ်။

“လူတွေက ကျီးလန့်စာ စားနေတုန်းပဲ။ ကြောက်လန့်နေကြတယ်။ ကျနော်တို့ကလည်း တောင်းဆိုထားပါတယ်။ ဒီဟာကို ပွင့်လင်းမြင်သာမှု အပြည့်အဝနဲ့ စိစစ်ပေးပါ။ ပြီးလို့ရှိရင် တဘက်က ရဲတပ်ကြပ်ကြီး ဦးအောင်ကျော်သိန်းရဲ့ အလောင်းကို ရှာဖို့ အရေးကြီးသလို၊ ၁၃ ရက်နေ့ညကတည်းက ပြဿနာကြောင့် လူတွေအများကြီး ရွာတွေကနေ ထွက်ပြေးနေရတယ်။ စုစုပေါင်း လူဦးရေ ၄ ထောင်လောက်ရှိတဲ့ ရွာဆိုတော့ ဒါ အများကြီးပဲ။ အဲ့ဒီရွာထဲမှာလည်း တချို့မိသားစုဝင်တွေ ကျန်ခဲ့တယ်။ အဲ့ဒီမိသားစုဝင်တွေ အားလုံးကိုလည်း လောလောဆယ်အခြေအနေမှာ သူတို့ရွာကို သူတို့ ပြန်လာခွင့်ပြုဖို့အတွက် အာမခံချက်ပေးဖို့ လိုပါတယ်။ နောက် သူတို့ရဲ့ရွာတွေမှာရှိနေတဲ့ အိုးအိမ်တွေ၊ ဆိုင်တွေ ဖျက်ဆီးခံရတာကိုလည်း ဒါ နိုင်ငံတော်ကနေ အမြန်ဆုံး ဆောင်ရွက်ပေးစေချင်ပါတယ်။”

မောင်းတောမြို့မှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ အဖြစ်မှန် ပေါ်ပေါက်အောင် စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားဖို့ဆိုပြီး ရန်ကုန်အခြေစိုက် အမေရိကန်နဲ့ ဗြိတိန်သံရုံးတွေက ထုတ်ပြန်ခဲ့သလို၊ ကုလသမဂ္ဂကလည်း စိုးရိမ်မကင်းဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။