ရခိုင်မှာ အမျိုးသမီးနဲ့ကလေးတွေ ကျန်းမာရေးချို့တဲ့နေ

စစ်တွေမြို့ရှိ ရွာတရွာမှ မိသားစုပုံ။ (မတ်လ ၂၀၁၄)

ရခိုင်ပြည်နယ်က အမျိုးသမီးတွေနဲ့ကလေးတွေဟာ စားနပ်ရိက္ခာမလုံလောက်မှုနဲ့ အာဟာရ မပြည့်ဝမှုဒဏ်ကို အပြင်းအထန်ခံစားနေကြရ ကြောင်း ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့ WFP က သတိပေးထားတဲ့အကြောင်း ဗွီအိုအေသတင်းထောက် Lisa Schlein က ကုလရုံးချုပ်ရှိရာ ဂျနီဗာကနေ သတင်းပေးပို့ထားတာကို မခွာညိုက ပြောပြပါမယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လနှောင်းပိုင်း ဒေသခံအရပ်သားတွေကို မြန်မာစစ်တပ်က နှိမ်နင်းဖြိုခွဲမှုမတိုင်ခင်တုန်းက ရခိုင်ပြည် နယ်ထဲမှာ ရိုဟင်ဂျာ ၁ သန်းကျော် နေထိုင်ခဲ့ကြတာပါ။ အဲဒီလို ဖြိုခွဲချိန်ကစလို့ ဒုက္ခသည် ၆ သိန်း၊ ၅ သောင်း၊ ၅ ထောင်ကျော်ဟာ အိမ်နီး ချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar ဒေသဆီ ထွက်ပြေးခဲ့ကြပါတယ်။

မြန်မာအာဏာပိုင်တွေက ရခိုင်ပြည်နယ်ထဲကို ကုလသမဂ္ဂနဲ့ တခြား နိုင်ငံတကာအဖွဲ့အစည်းတွေဝင်ရောက်ခွင့် ပိတ်ပင်လိုက်ပါတယ်။ ဒါပေမယ့် ဒေသတွင်း အကူအညီပေးရေးဝန်ထမ်းတွေကိုတော့ ပမာဏ ကန့်သတ်ချက်နဲ့ ရိုဟင်ဂျာတွေအတွက် ကူညီခွင့်ပေးခဲ့ပါတယ်။

အဲဒီလို လူတွေ အစုလိုက်အပြုံလိုက်မထွက်ခွာခင် ရခိုင်ပြည်နယ်အနှံ့က လူပေါင်း ၂ သိန်းခွဲအတွက် WFP က အကူအညီတွေ ဖြန့်ဝေပေးခဲ့ တာပါ။ WFP ရဲ့ ပြောခွင့်ရ မစ္စ် Bettina Luescher က အဲဒီအရေအတွက်က လျော့ကျသွားကြောင်းပြောပါတယ်။ ဒါပေမယ့် တကယ် ကွင်းဆင်း အလုပ်လုပ်နေကြတဲ့ ဒေသခံဝန်ထမ်းတွေရဲ့အကူအညီကြောင့် WFP ဟာ အကူအညီပေးနိုင်တဲ့လူအရေအတွက် တဖြည်းဖြည်း ပိုများလာပါတယ်။

“ဒီဇင်ဘာတုန်းက ရခိုင်မြောက်ပိုင်းက လူ ၆၃,၆၀၀ ကို ကူညီပေးနိုင်ပါတယ်။ ဒီပမာဏက နိုဝင်ဘာမှာ ပေးနိုင်တဲ့လူဦးရေ ထက် ၂ ဆ မက များပါတယ်။ ရခိုင်ပြည်နယ်အလယ်ပိုင်းမှာတော့ ၁၁၄,၀၀၀ ကို အကူအညီပေးနိုင်ခဲ့ပါတယ်။ ကျမတို့ က ဒေသခံ အစိုးရမဟုတ်တဲ့အဖွဲ့ NGOs တွေ၊ အစိုးရအာဏာပိုင်တွေနဲ့အတူ အစားအစာတွေဖြန့်ဝေပေးနိုင်ဖို့ အတူ အလုပ်လုပ်ကြပြီး တဦးတည်း ကို နှစ်ခါပြန်ထပ်ပေးမိတာမျိုးမဖြစ်ရအောင်လည်း နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC နဲ့အတူပူးပေါင်းဆောင်ရွက်နေပါတယ်။ နောက်ပြီး စားစရာတွေ ဖြန့်ဝေရာမှာလည်း တိုင်းရင်းသားမရွေး၊ ဘာသာမရွေး လူမှုအသိုင်းအဝိုင်းအားလုံးက ဆင်းရဲနွမ်းပါးပြီး တကယ့်ကို အကူအညီလိုနေတဲ့သူတွေဆီ ပို့ပေးနေတာဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်မြောက်ပိုင်းက ကလေးတွေရဲ့ အာဟာရချို့တဲ့မှုနှုန်းဟာ မကြာသေးခင်က ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေမတိုင်ခင်ကတည်းက အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ထားတဲ့အဆင့်ကို ကျော်နေခဲ့ပြီးဖြစ်ကြောင်း WFP က အစီရင်ခံစာထုတ်ပြန်ထားပါတယ်။ အဲဒီ အစီရင်ခံစာမှာ အကြမ်းဖက်မှုတွေနဲ့ နေရာက ဖယ်ရှားမှုတွေဟာ အခြေအနေကို ပိုပြီးဆိုးလာစေပုံရကြောင်း ဖော်ပြထားပါတယ်။

အပြုသဘော ဆောင်တဲ့ အရွေ့တခုကတော့ တကယ့်လက်တွေ့ စားနပ်ရိက္ခာလိုအပ်ချက်ကို ဆန်းစစ်ရေးအတွက် ကောက်ပဲသီးနှံနဲ့ စားနပ်ရိက္ခာ ဖူလုံရေးဆိုင်ရာ စစ်တမ်းကောက်ယူတဲ့အစီအစဉ်တခုကို လုပ်ပေးဖို့ မြန်မာအစိုးရက WFP နဲ့ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ကို ပန်ကြားထားတဲ့တယ်လို့ မစ္စ် Bettina Luescher က ပြောပါတယ်။ အခုထိတော့ ဘယ်အချိန်မှာ လုပ်ငန်းစမယ်ဆိုတဲ့ ရက်အတိအကျတော့ မသတ်မှတ်ရသေးဘူးလို့ Ms. Luescher က ပြောပါတယ်။

Your browser doesn’t support HTML5

ရခိုင်မှာ အမျိုးသမီးနဲ့ကလေးတွေ ကျန်းမာရေးချို့တဲ့နေ