ပြည်သူကိုခြိမ်းခြောက်ပြောဆိုဟု စစ်ကောင်စီကို AA စွပ်စွဲ

ရက္ခိုင့်တပ်မတော် AA ဗိုလ်သင်တန်းဆင်းပွဲအခမ်းအနား (ဓါတ်ပုံ- AA Info Desk) ယခင်မှတ်တမ်းဓာတ်ပုံ

ရက္ခိုင့်တပ်မတော် AA ဗိုလ်သင်တန်းဆင်းပွဲအခမ်းအနား (ဓါတ်ပုံ- AA Info Desk) ယခင်မှတ်တမ်းဓာတ်ပုံ

[[Zawgyi/Unicode]]


စစ်ကောင်စီနဲ့ AA ရခိုင်အဖွဲ့တို့ကြား တင်းမာမှုတွေအကြား အပြန်အလှန်ခြိမ်းခြောက်ပြောဆိုမှုတွေရှိနေပါတယ်။ ဒေသတွင်းအုပ်ချုပ်ရေးကို AA ဘက်က နှောင့်ယှက်နေတဲ့သဘော စစ်ကောင်စီက စွပ်စွဲပြောသလို AA ဘက်ကတော့ သူတို့ထိန်းချုပ်တဲ့နယ်မြေမှာ သူတို့ရဲ့လုပ်ပိုင်ခွင့်ကို ဆောင်ရွက်တာလို့ အခိုင်အမာပြောနေပါတယ်။ ဒီအကြောင်း ရန်ကုန် ပေးပို့တဲ့သတင်း ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ်ကစပြီး စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ တို့ြ ကား နှစ်ဘက်နားလည်မှုနဲ့ အပစ်ရပ်ထားကြပေမယ့် လက်ရှိမှာတော့ နှစ်ဖက်အကြားတင်းမာမှုတွေ တိုးလာနေပါတယ်။ စစ်ကောင်စီကတော့ ရခိုင်ပြည်နယ်အတွင်းအုပ်ချုပ်ရေးပိုင်းနှောင့်ယှက်မှုတွေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ဆောင်ရွက်နေတယ်လို့ ပြောနေပါတယ်။ ဒါဟာ ရခိုင်ပြည်သူတွေ ထိခိုက်မှာ စိုးရိမ်လို့ဖြစ်ပြီး ဒါကိုမှ ပြဿနာတရပ်ဖြစ်လာရင်တော့ အဆိုးမဆိုဖို့ဆိုပြီး စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က သတင်းစာရှင်းလင်းပွဲမှာ သတိပေးခဲ့ပါတယ်။

“ဒီအချိန်မှာ ကျနော်တို့ လုပ်နေတာက ထိန်းသိမ်းနေတာက ရခိုင်ပြည်သူလူထု ဒုက္ခမရောက်စေချင်လို့ ထိန်းသိမ်းနေတာမျိုးဖြစ်ပါတယ်။ ထပ်ပြောမယ်၊ ရခိုင်ပြည်သူလူထု ဒုက္ခမရောက်စေချင်လို့ ထိန်းသိမ်းနေတာဖြစ်ပါတယ်။ စိတ်ရှည်သည်းခံပြီးတော့ ပြည်ထောင်စုနဲ့ ငြိမ်းချမ်းရေးအတွက် ကျနော်တို့ လုပ်နေတာဖြစ်ပါတယ်။ အဲအတွက် အခုဖြစ်နေတာနဲ့ ပတ်သက်ပြီး ပြဿနာဖြစ်လာရင် တပ်မတော်ကို အဆိုးမဆိုပါနဲ့လို့ပဲ ကျနော်တို့ ပြောချင်ပါတယ်။”

AA ပြောခွင့်ရသူ ခိုင်သုခကတော့ စစ်ကောင်စီဘက်က အခုလို ပြောဆိုမှုဟာ ခြိမ်းခြောက် တာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

“မနေ့က သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောကြားချက်တွေကို ခြုံပြီးတော့ သုံးသပ်ရမယ်ဆိုရင် ကျနော်တို့ရဲ့ ပြည်သူတွေကို တိုက်ရိုက်ခြိမ်းခြောက်တာဖြစ်တယ်ဗျာ၊ ဘာကြောင့်လဲဆိုတော့ တခုခုဖြစ်လာလို့ရှိရင် ဗမာစစ်တပ်ကို အဆိုးမဆိုနဲ့ ဆိုတဲ့ စကားကို ကျနော်တို့တွေ့တယ်။ ဒါကတော့ ပြည်သူတွေကို တိုက်ရိုက်ခြိမ်းခြောက်တာ ဖြစ်သလို တခုခုဖြစ်လာလို့ရှိရင် ပြည်သူတွေကို လူမျိုးတုန်းသတ်ဖြတ်ပစ်မယ်ဆိုတဲ့ သူတို့မြန်မာစစ်တပ်ရဲ့ အစီအစဉ်ကို တိုက်ရိုက် ရည်ညွန်းနေတာဖြစ်တယ်လို့ ကျနော်ကတော့ အဲလိုပဲ သုံးသပ်တယ်ဗျာ။”

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ မြန်မာနိုင်ငံတဝှမ်းဖြစ်ခဲ့ပေမယ့် ရခိုင်ဘက်မှာတော့ ကြီးကြီးမားမားဆန္ဒပြကန့်ကွက်မှုတွေမရှိခဲ့ပါဘူး။ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြမှုတွေ အကြမ်းဖက်နှိပ်ကွပ်ခံရတဲ့နောက် ဆန္ဒပြသူတွေက စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုတွေ နိုင်ငံနေ ရာအတော်များများမှာ ကြုံခဲ့ပေမယ့် ရခိုင်ဒေသမှာ စစ်ပွဲတွေကငြိမ်သက်နေတုန်းပါ။ ဒါပေမယ့်လည်း AA အဖွဲ့ဟာ သူတို့ထိန်းချုပ်ရာနယ်မြေ အထူးသဖြင့် ရခိုင်မြောက်ပိုင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးပိုင်း ဆောင်ရွက်လာပါတယ်။

ဒီလို ဆောင်ရွက်မှုတွေဟာ သူတို့အုပ်ချုပ်မှုကို ဝင်ရောက်နှောင့်ယှက်တာဆိုပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

“နောက်ပိုင်းမှာ AA အနေနဲ့ အစိုးရရဲ့ အုပ်ချုပ်ရေး ယန္တရားတွေကို ဝင်ရောက်လုပ်ဆောင်တာ နှောင့်ယှက်တာတွေတော့တွေ့ရပါတယ်။ တော်တော်တော့ သည်းည်းခံရပါတယ်။ တရားစီရင်ရေးက အစ သူတို့ဆီမှာ တရားစီရင်ရမယ်ဆိုတာမျိုး တွေ့ရပါတယ်။ နောက်တခုကတော့ AA အနေနဲ့ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တွေမှာ အရင်ကလည်း လုပ်ပါတယ်။ ၂၀၂၂ ဇန်နဝါရီလလောက်ကစပြီးတော့ နည်းနည်းလေး ပိုပြီးတော့ စိပ်လာတယ်။ စိပ်လာတယ်ဆိုတာ ဘင်္ဂလီတွေ လိုက်လံစည်းရုံးတာ၊ ကျနော်တို့ သိရတဲ့ မှတ်တမ်းအရဆိုရင် အနည်းဆုံး ၁၀ ကြိမ် လောက်ရှိပြီး သူတို့ဘာတွေ စည်းရုံးခဲ့လဲဆိုတာကို ကျနော်သိပြီးဖြစ်တယ်။ နောက်ပိုင်းမှာ AA အနေနဲ့ သူတို့ ပြောတဲ့ စကားတွေထဲမှာ ဘာတွေ ဖြစ်လာလဲဆိုတော့ တိုက်ပွဲကို ခေါ်နေတဲ့ ပုံစံမျိုး၊ လက်နက်ကိုင်ပဋိပက္ခကို ခေါ်နေတဲ့ ပုံစံမျိုး ကျနော်တို့ တွေ့လာရတယ်။ တိုင်းစစ်ဌာနာချုပ်ကို ခြိမ်းခြောက်လာတာတွေ့ရတယ်။”

ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံထဲ အခြားတိုင်းနဲ့ပြည်နယ်တွေနဲ့ယှဉ်ရင် ဖွံ့ဖြိုးတိုးတက်မှု နောက် အကျဆုံးဖြစ်သလို စားဝတ်နေရေးအဆင်မပြေတာတွေ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးတာတွေနဲ့ စီးပွားရေး ကြပ်တည်းတာတွေနဲ့ ရင်ဆိုင်နေရတာပါ။ စစ်ကောင်စီအနေနဲ့ အဲဒီ့ပြဿနာတွေကို ဖြေရှင်းဖို့ မကြိုးစားဘဲ ရခိုင်ဒေသဘက်မှာ စစ်အင်အားတိုးချဲ့နေတယ်လို့ လည်း ရခိုင်လက်နက်ကိုင် AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကိုပြောပါတယ်။

“စစ်ပွဲဖြစ်ရင် ပြည်သူတွေ နစ်နာမယ်ဆိုတာကတော့ ဒါ ထမင်းစားတဲ့ သူတိုင်းသိတဲ့ ကိစ္စဖြစ်တယ်။ အခုက စစ်မဖြစ်ဘဲနဲ့ ကျနော်တို့ရခိုင်ပြည်သူတွေကို ငတ်ပြတ်အောင် လုပ်နေတာကတော့ ပိုပြီးတော့မှ ခံရခက်တယ်၊ အခုက ကျနော်တို့ ရခိုင်ပြည်နယ်ထဲမှာ စစ်ဖြစ်နေတာထက် ပိုပြီးတော့ ဆိုးရွားတဲ့ ငတ်ပြတ်မှုတွေ ဒီ စီးပွားရေး အကျပ်အတည်းတွေ ရခိုင်ပြည်ကလူတွေ အလုပ်အကိုင်မရှိတာရယ်၊ နောက်ကုန်ပစ္စည်းတွေ အဆမတန် ဈေးတက်တာတွေကြောင့် အမျိုးမျိုးဒုက္ခခံနေရတာတွေဟာ အများကြီး အခက်အခဲတွေ ဖြစ်လာနေကြတယ်။ ဒီဟာတွေ ကို ပြေလည်အောင် ဖြေရှင်းဖို့မကြိုးစားဘဲနဲ့ ပိုပြီးတော့ လုံခြုံရေးတွေ တင်းကြပ်လာတာကတော့ မြန်မာစစ်တပ်ဟာ ဘယ်ဘက်ကို ဦးတည်ပြီးတော့ သွားနေသလဲဆို အားလုံးသိတဲ့ ကိစ္စဖြစ်တယ်။”

လက်ရှိမှာတော့ AA အဖွဲ့နဲ့ မြန်မာစစ်တပ်ကြား နှစ်တင်းမာမှုတွေမြင့်တက်လာနေတာကြောင့် တိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်နေကြပါတယ်။ ကုန်ဈေးနှုန်းတွေတက်ပြီး ကုန်သွယ်သွားလာမှုခက်ခဲချိန်မှာ တိုက်ပွဲဖြစ်လာရင် ပိုပြီး ဒုက္ခရောက်မှာ ပြည်သူတွေက စိုးရိမ်ကြတာပါ။ ဒါ့အပြင် ရခိုင်ပြည်နယ်တွင်း ရခိုင်လက်နက်ကိုင်AA အဖွဲ့ရဲ့ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေး လုပ်ငန်းတွေကို မြန်မာစစ်တပ်ဖက်က ဝင်ရောက်ဟန့်တားတာ၊ ဒေသခံတချို့ကို AA နဲ့ ဆက်စပ်တယ် ဆိုပြီး ဖမ်းဆီးနေတာတွေပါ ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ တချိန်တည်းမှာ အခုလို အပြန်အလှန်ထိပ်တိုက်ဖြစ်နေတာမို့ စစ်ရေးတင်းမာပြီး အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်တဲ့အတွက် ပြည်သူတွေ သတိထားသွားလာကြဖို့ AA ဘက်က ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း သတိပေးထားပါတယ်။

မြန်မာစစ်ကောင်စီအနေနဲ့ အခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်ပြီး ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေကို သူကိုယ်တိုင်တွေ့ဆုံဆွေးနွေးမယ်လို့ စစ်ကောင်စီအကြီးအကဲကလည်း ကမ်းလှမ်းထားပါတယ်။ ဒီ ကမ်းလှမ်းချက်အပေါ်မှာတော့ AA ဘက်က ယတိပြတ်တုံ့ပြန်တာမျိုးမရှိဘဲ စောင့်ကြည့်သွားမယ်လို့သာ သဘောထားပေးထားပါတယ်။

Your browser doesn’t support HTML5

ပြည်သူကိုခြိမ်းခြောက်ပြောဆိုဟု စစ်ကောင်စီကို AA စွပ်စွဲ

============

[[Unicode]]














============