ရခိုင် စစ်ပြေးဒုက္ခသည်စခန်းတွေမှာ အထောက်အပံ့များလျော့နည်းလာ

ရခိုင် စစ်ရှောင်ဒုက္ခသည်များ (ယခင်ပုံဟောင်း) - Photos from Rakhine Ethnics Congress


[[Zawgyi/Unicode]]


ရခိုင်ပြည်နယ်တွင်း စစ်ပြေးဒုက္ခသည်စခန်းတချို့မှာ ပုံမှန်ထောက်ပံ့နေတဲ့ စားနပ်ရိက္ခာတွေ အရင်လို မရတော့တာကြောင့် ဒုက္ခသည်တွေ စားဝတ်နေရေးအခက်ကြုံနေပါတယ်။ ပြည်နယ် အတွင်းမှာ စစ်ပွဲတွေမရှိတော့တာကြောင့် နေရပ်ပြန်မယ်ဆိုရင် ကူညီထောက်ပံ့မှုပေးမယ်လို့ ပြည်နယ်ကောင်စီကတော့ ကမ်းလှမ်းထားပါတယ်။ ဒီအကြောင်း ရန်ကုန်က ရေးသားပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက စက်မှုဇုန်စစ်ဘေးဒုက္ခသည်စခန်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ဒုတိယအပတ်လောက်ကတည်းက စားနပ်ရိက္ခထောက်ပံ့တာတွေမရှိတော့တာကြောင့် စစ်ဘေးဒုက္ခသည်တွေအနေနဲ့ စားဝတ်နေရေးအခက်ကြုံနေရပါတယ်။

စစ်ဘေးဒုက္ခသည်တွေကို ပုံမှန်ထောက်ပံ့နေတဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆန်ရိက္ခာတွေ လာမပို့သေးတာကြောင့် စားဝတ်နေရေး ခက်ခဲနေကြတာဖြစ်တယ်လို့လည်း စစ်မှုဇုန်စစ်ဘေးဒုက္ခသည်စခန်းတာဝန်ခံဦးကျော်သန်းက ပြောပါတယ်။

“ရိက္ခာကတော့ ဆန်အဓိကပေါ့။ ဆန်ကမရောက်ဘူး၊ ပြတ်နေတယ်။ ဆန်က ၂ လပိုင်း ၁၂ ရက်နေ့က စပြီးတော့ ပြတ်နေတာ။ ဒီနေ့အထိ မရောက်နိုင်သေးဘူး။ တခြားအဖွဲ့အစည်းတွေက ဆန်ပေးတာလည်းမရှိဘူးခင်ဗျာ။ ရိက္ခာပြတ်နေတဲ့အတွက် အခု စားသောက်နေရတာတော့ တော်တော်အခက်အခဲဖြစ်နေပြီ။ ရှိတဲ့သူတွေဆီက ချေးငှားပြီးတော့ စားနေရတယ်။ တချို့မှာလည်း သားသမီးတွေကို အလုပ်အငှားရှာခိုင်းပြီးတော့ လုပ်လို့ရတာနဲ့ စားတယ်။ တချို့မှာဆိုရင် နားကပ်တွေကို ရောင်းပြီးတော့ ပေါင်ပြီးတော့ ဈေးက ဆန်တွေဝယ်ပြီးတော့ စားရတာရှိတယ်။”

ပုဏ္ဏားကျွန်းစက်မှုံဇုန်ဒုက္ခသည်စခန်းမှာ ၆၀၀ ကျော်လောက်ရှိနေပြီး ရခိုင်ပြည်နယ်အတွင်းက သာစည်၊ ကျောက်ဆိပ်၊ ပိန္နဲတော၊ ဒိုးတန်းနဲ့ (ချင်းပြည်နယ်) ပလက်ဝမြို့နယ် နှာမဒါ ကျေးရွာတွေကလူတွေ ၂၀၁၉ အကုန်ပိုင်းလောက်ကတည်းက ထွက်ပြေးလာကြတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ကျောက်တော်မြို့နယ်အတွင်းက တောင်မင်းကလား စစ်ဘေးဒုက္ခသည်စခန်းမှာလည်း အလှူရှင်တွေ မလာတော့တာကြောင့် စားနပ်ရိက္ခာပြတ်လပ်နေတယ်လို့ စစ်ဘေးဒုက္ခသည် မအေးခိုင်က ပြောပါတယ်။

“ဒီလမှာတော့ စားဝတ်နေရေးအဆင်မပြေဘူး။ ဘာအဖွဲ့မှ မလာသေးဘူ။ အရင်ပေးနေကျ လူကယ်ပြန်လည်း မလာသေးဘူး။ WFP လည်းမလာသေးဘူး။ တချို့ကျတော့ နေ့စား အလုပ်ရှိတော့ အဆင်ပြေနေသေးတယ်။ အလုပ်မရှိတဲ့သူတွေကတော့ စားစရာမရှိတော့ဘူး။”

ဝါးတောင် စစ်ဘေးရှောင်ဒုက္ခသည်တွေကို စားနပ်ရိက္ခာတွေထောက်ပံ့နေတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က လူတယောက်ကို တလမှာ ကျပ် ၁၇,၀၀၀ အထိ ထောက်ပံ့ပေးထားသလို လူကယ်ပြန်ကလည်း တရက်ကို ဆန်နို့စည်နှစ်ဗူးကျစီ ထောက်ပံ့ပေးနေတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီလအတွင်းမှာထောက်ပံ့မှုတွေ ရပ်တန့်နေသလို လက်ရှိမှာ ကုန်ဈေးနှုန်းတွေလည်း အဆမတန်မြင့်တက်နေတာကြောင့် စစ်ဘေးဒုက္ခသည်တွေအနေနဲ့ စားနပ်ရိက္ခာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြတာဖြစ်တယ်လို့ တောင်မင်းကလား စစ်ဘေးဒုက္ခသည် မအေးခိုင်ကပြောပါတယ်။

“WFP ကတော့ တလကို လူတစ်ယောက်ကို ၁၇,၀၀၀ ပေးတယ်။ ဒီမှာက အခုကုန်ဈေးနှုန်း တွေတက်နေတော့ သူတို့ပေးတာနဲ့ မလောက်တော့ဘူး။ အရင်တုန်းကဆိုရင် ဆီတပု လင်းကို ၂,၅၀၀လောက်ပဲရှိတာ။ အခုက ၅,၅၀၀ ပေးရတယ်။ အဲတာကြောင့် မလောက် တော့တာ။ လူကယ်ပြန်ကလည်း တရက်ကို လူတယောက်ကို ဆန် မနက် နို့ဆီတဗူး ညတဗူး ပေးတယ်။ ဒီမှာ စားတဲ့သူတွေကတော့ ဆန်နို့ဆီတဗူးနဲ့ မလောက်ဘူးလေဟုတ်။”

ရခိုင်ပြည်နယ်အတွင်း စစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား တိုက်ပွဲတွေလည်း ရပ်တန့်နေတာကြောင့် စစ်ဘေးဒုက္ခသည်တွေအနေနဲ့ နေရပ်ပြန်မယ်ဆိုရင် အိမ်ထောင်စုတခုကို ငွေကျပ် ငါးသိန်းစီထောက်ပံ့ပေးမယ်လို့လည်း ပြည်နယ် ကောင်စီပြောခွင့်ရက ပြီးခဲ့တဲ့ အပတ်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆို ကမ်းလှမ်းခဲ့ပါတယ်။

စစ်ဘေးဒုက္ခသည်တွေတချို့ကလည်း လုံခြုံရေးအာမခံချက်မရှိတာကြောင့် နေရပ်မပြန်ကြသလို တချို့ကလည်းနေရပ်ပြန်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေဆီမှာ စာရင်းပေးထားကြတာတွေလည်းရှိပါတယ်။ နေရပ်ပြန်ဖို့ စာရင်းပေးထားတဲ့ စစ်ဘေးဒုက္ခသည်တဦးဖြစ်တဲ့ ပလက်ဝမြို့နယ်က ဦးကျော်သန်းကတော့ အခုအချိန်ထိ နေရပ်ပြန်ဖို့ အကြောင်းကြားလာတာမရှိသေးဘူးလို့ ပြောပါတယ်။

“ကျနော်တို့ကတော့ ပြန်မယ်ဆိုတဲ့ စာရင်းပေးထားပါတယ်ခင်ဗျာ၊ ဒါပေမယ့် အခုအချိန်ထိ ဘာမှ မေးလည်းမမေးဘူး၊ ပိုက်ဆံပေးမယ်ဆိုတဲ့ စကားလည်း အခုအချိန်ထိ ပြောတာတော့ မကြားဘူးခင်ဗျာ။”

လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်ဘေးဒုက္ခသည်စခန်း ၁၀၀ ကျော်အထိ ရှိနေပြီး နေရပ်ပြန်ဖို့ ခက်ခဲနေတဲ့ စစ်ဘေးဒုက္ခသည် ၇ သောင်းကျော်အထိရှိနေပါတယ်။ ရခိုင်မြောက်ပိုင်းမှာ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့နဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေကြောင့် ဒေသခံတွေ အိုးအိမ်စွန့်ခွာခဲ့ရတာပါ။ အခုနောက်ပိုင်း AA နဲ့ မြန်မာစစ်တပ်အကြား အပစ်အခတ်ရပ်စဲထားပေးမယ့်လည်း အတော်များများကတော့ နေရပ်မပြန်နိုင်ကြသေးပါဘူး။

#RakhineConflict #RakhineIDPs #VOABurmese #ရခိုင် #စစ်ပြေးဒုက္ခသည် #စားနပ်ရိက္ခာ #လူကယ်ပြန် #WFP #ဗွီအိုအေ

============
[[Unicode]]

















============