ဒေါ်စု သမ္မတဖြစ်ရေး ပြန်ကြားရေး ဝန်ကြီး အကြံပေးချက် အပေါ် တုံ့ပြန်မှု

(Credit: U Ye Htut's Facebook)

ပြီးခဲ့တဲ့ နိုဝင်ဘာရွေးကောက်ပွဲအတွင်း မဲဆန္ဒရှင်တွေက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးခဲ့ကြတာ ဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ပြောသလို လူ ၄ ဦးရဲ့ အဆုံးအဖြတ်ပေါ်မူတည်ပြီး လုပ်ဆောင်ရမယ်ဆိုတဲ့အချက်ကို သူ့အနေနဲ့ သဘောမတူကြောင်း မြန်မာ့နိုင်ငံရေး သုံးသပ်သူ ဒေါက်တာ တင့်ဆွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ဖို့ ၂၀၀၈ အခြေခံဥပဒေကို ဆိုင်းငံ့ ပြင်ဆင် ဖြည့်စွက်တာတွေ လုပ်ဖို့မလိုဘဲ မိသားစုဝင်တွေကို မြန်မာနိုင်ငံသား ခံယူစေခြင်းအားဖြင့် အဆင်ပြေသွားနိုင်တယ်လို့ ဝန်ကြီး ဦးရဲထွဋ်က ဗွီအိုအေ မြန်မာပိုင်းဌာနနဲ့ ပြုလုပ်တဲ့ သီးသန့်တွေ့ဆုံ မေးမြန်းခန်းအတွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ရွေးကောက်ပွဲအနိုင်ရ NLD အမျိုးဒီမိုကရေစီအဖွဲ့ချုပ်က မကြာခင် သီပတ်အနဲငယ်အတွင်း အစိုးရသစ် ဖွဲ့စည်းနိုင်ဖို့ ပြင်ဆင်နေချိန် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ရေးကိစ္စမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ ၅၉(စ) က အကန့်အသတ်အဖြစ် ရှိနေတာကြောင့် ဖွဲ့စည်းပုံကို ဆိုင်းငံ့ရေး၊ ပြင်ဆင်ရေး၊ ဖြည့်စွက် ရေးသားရေးဆိုတဲ့ ပြောဆို ဆွေးနွေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာနေတဲ့အချိန်မှာပဲ သမ္မတ ဦးသိန်းစိန်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ်က ဖွဲ့စည်းပုံကို ဆိုင်ငံ့ ပြင်ဆင် ဖြည့်စွက်တာတွေ လုပ်မနေဘဲ မိသားစုဝင်တွေ နိုင်ငံသားအဖြစ် လျှောက်ထားလိုက်ခြင်းအားဖြင့် အားလုံး ပြေလည်သွားမယ်ဆိုတဲ့ သဘောမျိုး ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဗွီအိုအေနဲ့ ပြုလုပ်တဲ့ သီးသန့် တွေ့ဆုံ မေးမြန်းခန်းအတွင်း ပြောကြားလိုက်တာပါ။

“တကယ်တော့ဗျာ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံ့အကြီးအကဲဖြစ်ဖို့ဆိုတာ ၅၉(စ) တွေလည်း ပြင်ဖို့ မလိုပါဘူး။ တကယ်တမ်း ကျနော့်ရဲ့ သုံးသပ်ချက် ထောက်ပြရမယ်ဆိုရင် သူ့ရဲ့သား နှစ်ယောက်နဲ့ ချွေးမရှိမယ်ဆိုရင် ချွေးမနှစ်ယောက် လူ ၄ ယောက်ပဲ မြန်မာနိုင်ငံသား ခံယူလိုက်လို့ရှိရင် ဒီပြဿနာတွေအားလုံးက ပြေလည်သွားမှာပဲ။ ဘာမှ ကျနော်တို့ ဒါကြီးကို ၅၉(စ) တွေ ဘာတွေ ပြင်ဖို့ မလိုပါဘူး။ လူ ၄ ယောက်ရဲ့ အဆုံးအဖြတ်နဲ့ လုပ်တာက ပိုပြီးတော့ ကောင်းတာပေါ့ဗျာ။ ဒါကြီးကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရေးကို ပြောဖို့တောင် မလိုပါဘူး။ သူ့သားသမီးတွေအနေနဲ့ သူတို့ရဲ့မိခင် သမ္မတဖြစ်တာကို လိုချင်လို့ရှိရင် ၁၉၈၂ ခုနှစ်ဥပဒေအရ မြန်မာနိုင်ငံသား လျှောက်ထားလိုက်ရုံပါပဲ။”

ဒေါက်တာ တင့်ဆွေဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ NLD ပါတီ ကိုယ်စားပြု အနိုင်ရခဲ့တဲ့ လွှတ်တော်အမတ်တဦးဖြစ်ပြီး အမေရိကန်နိုင်ငံ၊ Indiana ပြည်နယ်၊ Indianapolis မှာ အခြေချ နေထိုင်နေသူ ဖြစ်ပါတယ်။ သူက ဒေါ်အောင်ဆန်းစုကြည် သမ္မတလုပ်ခွင့်မရှိအောင် ၂၀၀၈ ဖွဲ့စည်းပုံအခြေဥပဒေကို ရေးဆွဲခဲ့တာဖြစ်တဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဝင်တွေ နိုင်ငံသားအဖြစ်လျှောက်ထားလိုက်ယုံနဲ့ ဖြစ်နိုင်ခြေရှိပါ့မလား ဆိုတဲ့အပေါ် သူ့အနေနဲ့ သံသယရှိတယ်လို့ ပြောပါတယ်။

“ကျနော်မြင်တာက ၂၀၀၈ ဖွဲ့စည်းပုံ မပြင်ဆင်ရေး လမ်းကြောင်းကနေပြီးတော့ နည်းလမ်းရှာတဲ့ နည်းလမ်းတခုပဲဖြစ်တယ်လို့ ကျနော်မြင်တယ်။ နောက်တခုက ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်လို့မရအောင်ဆိုတဲ့အချက်နဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတလုပ်လို့မရအောင်ဆိုပြီးတော့ အဲဒီ အခြေခံဥပဒေ ရေးဆွဲရခြင်း ရည်ရွယ်ချက်ကြီးနဲ့ ရေးခဲ့တာဖြစ်တော့ကာ ကျနော်က ဒီဟာကို ဖြစ်လာမလားဆိုတဲ့ ဒီနည်းလည်းပဲ ဖြစ်လာမလားဆိုတာတော့ သံသယကတော့ ကြီးတုန်းပဲဖြစ်ပါတယ်။ ဦးရဲထွဋ်ပြောလိုက်လို့ ကျနော့်သံသယ သေမသွားဘူးခင်ဗျ။ နောက်တခုပေါ့နော်။ နောက်တခုပေါ့နော် ဦးရဲထွဋ်ရဲ့ စကားလုံးအရဆိုရင် လူ ၄ ဦးပေါ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား ၂ ယောက်နဲ့ ချွေးမ ၂ ယောက် ဒီ ၄ ဦးရဲ့ ဆန္ဒနဲ့ပဲ ဒေါ်စုက သမ္မတလုပ်ရမှာဆိုတဲ့အချက်ကတော့ ကျနော်က သဘောမတူနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်လူအများစုက ၂၀၁၅ ရွေးကောက်ပွဲ မဲပေးသူအများစု ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်စေချင်တယ်ခင်ဗျ။ ဒီ ၄ ဦးက ဖြစ်ချင်တာမဟုတ်ဘူး။ ကျနော်ကတော့ မလဲနိုင်ဘူးလို့ ယူဆပါတယ်။ ဦးရဲထွဋ်က နိုင်ငံသားဖြစ်ရေးဥပဒေကို ၈၂ ခုနှစ်ဥပဒေနဲ့တော့ ပြောတော့ပြောတယ်။ သူ့ရဲ့ ချွေးမတွေ၊ သားတွေက တခြားနိုင်ငံမှာ နေတဲ့သူ။ မြန်မာပြည်ထဲမှာတင် တကယ်ကို နှစ်ပေါင်းများစွာနေတဲ့ မြန်မာအစစ်တွေတောင်မှ နိုင်ငံသားဖြစ်ခွင့်တို့၊ မှတ်ပုံတင်ရတာတို့ ဆိုတာက အခက်အခဲ အကြီးမားဆုံးဖြစ်နေတော့ကာ သူက ခပ်ပေါ့ပေါ့နဲ့ လက်လွတ်စလွယ် ပြောလိုက်တာလားလို့လဲ ကျနော်က သံသယရှိတယ်ခင်ဗျ။ ဒေါ်စုရဲ့ချွေးမတွေဆိုရင် တခြားနိုင်ငံသူပေါ့နော်။ အဲဒါက သိပ်သိသိသာသာကြီးဖြစ်တော့ သူတို့အတွက်လည်း စဉ်းစားဆုံးဖြတ်ဖို့ရာက ကိုယ်က လုပ်ချင်ရင်တောင်မှ ဟိုနိုင်ငံကဥပဒေ၊ ဒီနိုင်ငံက ဥပဒေတွေက ရှိသေးတော့ အချိန်ကလည်း အတော်ယူဦးမယ်။ ဖြစ်စဉ်ပေါ့နော်။ ဗမာပြည်ရဲ့ဖြစ်စဉ်က ခုနက ကျနော်ပြောသလို ဘာမှမရေရာတဲ့ ဥပဒေကြီး၊ နောက်ထပ်တက်မယ့် NLD အစိုးရလက်ထက်မှာ ပြည်ထဲရေးကို ကိုင်မှာကလည်း စစ်တပ်က ဖြစ်နေတော့ကာ NLD ထဲမှာမရှိတဲ့ကိစ္စဖြစ်တော့ ဒါက တမင်တကာကို ဂျောက်များချသလားပေါ့ဗျာ ကျနော်တော့ သံသယရှိပါတယ်ခင်ဗျ။”

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၃) ပါ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများဆိုတဲ့ ခေါင်းစဉ်အောက်က အပိုဒ် ၅၉(စ) မှာ ဖော်ပြထားတာမှာတော့ - “မိမိကိုယ်တိုင်သော်၎င်း၊ မိမိ၏ မိဘတစ်ပါးပါးသော်၎င်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသည်သော်၎င်း၊ မိမိ၏ တရားဝင် သားသမီး တစ်ဦးဦးသော်၎င်း၊ ထိုတရားဝင်သားသမီး တစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသည်သော်၎င်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ၊ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ၊ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သား မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူသော်၎င်း၊ တိုင်းတပါး၏ နိုင်ငံသားသည်သော်၎င်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများ မဖြစ်စေရ”- ဆိုပြီး ထည့်သွင်း ရေးသားထားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကျယ်ချုပ်နဲ့ ဖမ်းဆီး ထိန်းသိမ်းခံထားရစဉ် ကာလတွေအတွင်း နာမကျန်းဖြစ်နေတဲ့ ခင်ပွန်းသည် Michael Aris နဲ့ မိသားစုဝင်တွေ သူမထံ လာလည်လို့မရနိုင်အောင် အဲဒီအချိန်က စစ်အစိုးရက ပြည်ဝင်ခွင့်ဗီဇာ ထုတ်မပေးခဲ့တဲ့ သာဓကတွေ ရှိခဲ့ဖူးတယ်ဆိုတာကိုလည်း ဒေါက်တာ တင့်ဆွေက ထောက်ပြ ပြောဆိုပါတယ်။

အခုလဆန်းပိုင်းမှာ စတင်ခဲ့တဲ့ လွှတ်တော်အသစ်ကနေ ဒုတိယသမ္မတလောင်း ၃ ဦးကို မတ်လ ၁၇ ရက်နေ့မှာ အဆိုတင်သွင်းပြီး မကြာင်မှာ အဲဒီ ၃ ဦးထဲက တဦးကို သမ္မတအဖြစ် ရွေးကောက် တင်မြောက်ကြတော့မှာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေအထိကတော့ ဒုသမ္မတလောင်းတွေ ရွေးချယ်ခြင်းမပြုခင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ရှိအတိုင်းထားမလား၊ ဒါမှမဟုတ် ဆိုင်းငံ့ ပြင်ဆင် ဖြည့်စွက်မှုတွေ လုပ်ဆောင်သွားမလားဆိုကိုလည်း မသိရသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ကတော့ သူမအနေနဲ့ သမ္မတဖြစ်ခွင့် မရှိရင်တောင် သမ္မတရဲ့ အထက်မှာ ရှိနေတယ်ဆိုတာမျိုး သတင်းမီဒီယာတွေကို ပြောထားဖူးပါတယ်ခင်ဗျား။