ဒုက္ခသည် ၆၀,၀၀၀ ကျော် လောက်ကိုင် ပြန်ရောက်

တရုတ်-မြန်မာနယ်စပ် ဒုက္ခသည်စခန်းအတွင်းက ဂွမ်းကပ်စောင်တွေ သယ်ယူလာနေတဲ့ ကလေးငယ်တဦး။

တည်ငြိမ်မှုမရှိသေးတဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တိုက်ပွဲတွေကြောင့်နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသူတွေအနက် လောလောဆယ် ဒုက္ခသည် ၆ သောင်းကျော် လောက်ကိုင်ကို ပြန်လည်ရောက်ရှိနေပြီလို့ ဒုက္ခသည်ကူညီရေးအဖွဲ့က ပြောပါတယ်။ ဒီဒုက္ခသည်တွေဟာ လားရှိုးမြို့ကို တိမ်းရှောင် သွားသူတွေအပြင် တရုတ်မြန်မာ နယ်စပ်နဲ့ တရုတ်နိုင်ငံဘက်ကို ထွက်ပြေးသွားသူတွေပါဝင်တယ်လို့ ကူညီရေးအဖွဲ့က ပြောပါတယ်။ ဒီဒုက္ခသည်တွေကို အတင်းအကြပ် နေရပ်ပြန်ခိုင်းနေတာ ဖြစ်တယ်လို့လည်း ကိုးကန့် လက်နက်ကိုင်အဖွဲ့ကပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မေခက ပေးပို့ထားပါတယ်။

ဖေဖော်ဝါရီလထဲကဖြစ်ပွားနေတဲ့ ကိုးကန့်စစ်မီးဟာ ခုချိန်ထိ ဖြစ်ပွားနေဆဲပါ။ ဒီနေ့မနက်ပိုင်းမှာ ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့ထဲကို လားရှိုးမြို့ဘက်က ဒုက္ခသည် ၂၀၀ ကျော် ပြန်လည် ပို့ဆောင်ထားတယ်လို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့လွှတ်တော်အမတ် ဦးကျော်နီနိုင်က ပြောပါတယ်။ ဒုက္ခသည်တွေ အတွက် စားဝတ်နေရေးပိုင်းနဲ့ပတ်သတ်ပြီး ကူညီ ဆောင်ရွက်ပေးနေတာတွေလည်းရှိတယ်လို့ သူက အခုလိုပြောပါတယ်။

“၂၄၁…ကျနော်တို့ ပို့လိုက်ပြီလေ- ဒီနေ့။ ကျနော်တို့ရဲ့လူမှုရေးအဖွဲ့က (၈) ယောက်ပါတယ်။ ရောက်တောင် ရောက်နေပီထင်တယ် အခုဆိုရင်။ သူတို့စိတ်ကြိုက်ပေါ့။ ဒုက္ခသည်စခန်းမှာလည်း နေလို့ရတယ်။ နောက် ကိုယ့်အိမ်ကိုယ့်ရွာလည်း ပြန်လို့ရတယ်။ ကြက်ခြေနီအဖွဲ့ကလည်း ခွဲ..တို့ဘာတို့ ပေးထားတာရှိတယ်။ ကျနော်တို့ကတော့ ကယ်ဆယ်ရေးပစ္စည်းတွေလေ။ တပတ်စာ၊ တပတ်စာ ကုန်လို့ရှိရင် ပြန်ပြီးလာထုတ်လို့ရတယ်။ ကျနော်တို့ လောက်ကိုင် အထက (၁) မှာ စီစဉ်ထားပေးတာရှိတယ်။”

လက်ရှိမှာ လောက်ကိုင်မြို့ထဲမှာ ဒုက္ခသည် ၆ သောင်း ၁ ထောင်ကျော် ရှိတယ်လို့ ပြောပါတယ်။ လောက်ကိုင်မြို့မှာ တိုက်ပွဲတွေကြောင့် လူနေအိမ်ခြေ ၃၀၀ ကျော်ပျက်စီးခဲ့ရကြောင်း၊ ပျက်စီးသွားခဲ့တဲ့အိမ်ခြေတွေကို သမ္မတကြီးရဲ့သီးသန့်ရန်ပုံငွေရရှိတဲ့အခါ ပြန်လည်တည်ဆောက်ပေးနိုင်ဖို့ စီစဉ်ထားတယ်လို့ ဦးကျော်နီနိုင်က ပြောပါတယ်။ ပြန်လည်ရောက်ရှိလာခဲ့ကြတဲ့ ဒုက္ခသည်အများစုက ဒုက္ခသည်စခန်းမှာမနေကြဘဲ ကိုယ့်နေရပ်ကို ပြန်သူတွေများတယ်လို့ ဦးကျော်နီနိုင်ကပြောပါတယ်။ အရင်က BP ၁၂၅ ကယ်ဆယ်ရေးစခန်းမှာရှိတဲ့ ဒုက္ခသည်စခန်းကို လောက်ကိုင်မှာရှိတဲ့ အမှတ် (၂) ရပ်ကွက် ကော်ကျုံး အလယ်တန်းကျောင်းကိုပြောင်းရွှေ့ဖို့ အာဏာပိုင်တွေက ဒီလ ၁၅ ရက်နေ့က ညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်။ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေထိုင်ချထားရေးအတွက် ကော်မတီဖွဲ့ပြီးလုပ်ဆောင်ပေးနေတယ်လို့လည်း ဦးကျော်နီနိုင်က ပြောပါတယ်။ တရုတ်နိုင်ငံဘက်ကလည်း နိုင်ငံထဲ ရောက်ရှိနေတဲ့ ဒုက္ခသည်တွေ နေရပ်ကို ပြန်ဖို့ ပြန်လည် စေလွှတ်နေတာတွေရှိနေပါတယ်။ တရုတ်နိုင်ငံထဲက ဒုက္ခသည်တွေ လောက်ကိုင်မြို့ထဲကို ပြန်လည်ရောက်ရှိလာပေမယ့် အချို့ကတော့ နေ့ခင်းဘက်မှာသာ လောက်ကိုင်မြို့ထဲမှာနေပြီး ညပိုင်းဘက်မှာ တရုတ်နိုင်ငံထဲကို ပြန်လည် သွားရောက် နေထိုင်တာတွေရှိတယ်လို့ ဦးကျော်နီနိုင်က ပြောပါတယ်။ လောက်ကိုင်မြို့ပေါ်မှာ အရင်လို စီးပွားရေးတွေပြန်လုပ်နိုင်ဖို့ စီးပွားရေးလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ထားတယ်လို့ သူက ခုလို ပြောပါတယ်။

“လောက်ကိုင်မြို့ထဲမှာတော့ အေးအေးချမ်းချမ်းရှိနေပြီလေ။ အရင်တုန်းက (ဝမ်း-တူး-ဖိုက်) မှာ အများဆုံးရှိတဲ့ အချိန်မှာ ဒုက္ခသည် စခန်းထဲမှာ (၅) ထောင်ကျော်အထိ ရှိတယ်လေ။ အခုကျတော့ ကျနော်တို့ ပြန်ပို့တာတော့ ကျောင်းဝန်းထဲမှာအယောက် (၅၀၀) လောက်ပဲ ရှိမယ်ထင်တယ်။ ကိုယ့်အိမ်နဲ့ကိုယ် ပြန်ကြတယ်။ နောက်ပြီးမှ တချို့တွေကျတော့ ပြန်ပြီးမှ တရုတ်ထဲမှာ ပြန်သွားနေတဲ့အဖွဲ့တွေလည်း ရှိသေးတယ်။ ဆိုတော့ အကုန်လုံးကတော့ ကျနော်တို့ မှန်းထားတာကတော့- ဒုက္ခသည် (၆) သောင်းကျော်ကျော်လောက် ရှိမယ်လို့။ အခုလည်း ကျနော်တို့ကတော့ ကြံတွေစခုတ်နေပြီ။ နောက် လုပ်ငန်းတွေလည်ပတ်အောင် ကျနော်တို့ရဲ့နိုင်ငံတော်အစိုးရကကော လုပ်ငန်းရှင်တွေကို မြန်မြန်လာ ရင်းနှီး… အရင်တုန်းက ဟာတွေကို လာရင်းနှီးမြှုပ်နှံမှု ကျနော်တို့လည်း ဖိတ်ခေါ်ထားတာရှိတယ်။ အကယ်၍ အေးချမ်းသွားလို့ရှိရင်တော့ ကျနော်တို့ လောက်ကိုင်ကတော့ ခနလေးပါပဲ။ ပြန်စည်လာမှာပါ။”

ကိုးကန့်ဖုန်ကြားရှင်အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းကတော့ အာဏာပိုင်တွေဘက်က ဒုက္ခသည်တွေကို အတင်းအကြပ် ပြန်လွှတ်နေတာတွေကြောင့် ဒေသခံတွေဟာ ဒုက္ခရောက်နေတယ်လို့ပြောဆိုလိုက်ပါတယ်။

“သူတို့ကို အတင်းအဓမ္မပြန်ခိုင်းတာပါ။ သူတို့က ဘယ်နှစ်ရက်နေ့လဲ၊ အဲဒီတုန်းက အချိန်ပေးထားတာက (၁၇) ရက်နေ့လားမသိဘူး၊ နောက်ဆုံးတဲ့။ ဥပမာ- (၁၈) ရက်နေ့ အဲဒီ ဒုက္ခသည်စခန်းထဲ အဝင်အထွက်ရှိရင် သူတို့က သေနတ်နဲ့လှမ်းပစ်မယ် ပြောထားပါတယ်။ ခြိမ်းခြောက်ထားတာပါ။ အဲဒါကြောင့် ဇွတ်ကြီးပြန်ခိုင်းတာပါ။ ပြန်ပြီးလည်း တချို့လည်း ဒုက္ခရောက်တယ်ပြောတယ်။ ကျနော်ကြားတာတော့ တချို့ရွာက ပြန်သွားတော့ အဲဒီမှာလည်း အသတ်ခံရတယ်ပြောတာပဲ။”

တိုက်ပွဲတွေကတော့ လောက်ကိုင်မြို့အနီးတဝိုက်မှာ ဒီကနေ့ နှစ်ဘက်တွေ့ဆုံမှု မရှိဘဲငြိမ်သက်နေတယ်လို့ သူက ပြောဆိုပါတယ်။ ဒါပေမဲ့ လက်ရှိမှာ လောက်ကိုင်အရှေ့မြောက်ဘက်မှာရှိတဲ့တောင်ကုန်းတွေဖြစ်တဲ့ ရှီကောလင်း၊ ရှီတောင့်ရှည်နဲ့ ရှောင်လူချမ် စတဲ့နေရာတွေမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲရှိတယ်လို့ ကိုးကန့်ဖုန်ကြားရှင်အဖွဲ့ကရော၊ ကိုးကန့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင်ကပါ အတည်ပြု ပြောခဲ့ကြပါတယ်။