ရိုဟင်ဂျာဒုက္ခသည်ကြောင့် တောပြုန်းတဲ့နေရာ သစ်ပင်ပြန်စိုက်မည်

IOM၊ FAO နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ ပူးပေါင်းအကောင်အထည်ဖေါ်ဆောင်ရွက်နေတဲ့ Cox's Bazar က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ သစ်ပင်စိုက်ပျိုးရေး စီမံကိန်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar မှာ မြန်မာနိုင်ငံဘက်က သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ လာရောက်ခိုလှုံရာကနေ ပျက်စီးခဲ့တဲ့ သဘာဝဝန်းကျင် ပြန်လည်ထူထောင်ရေး အတွက် သစ်ပင်စိုက်ပျိုးတဲ့ စီမံကိန်းကို ကုလသမဂ္ဂ အဖွဲ့တွေက လုပ်ဆောင်နေပါတယ်။ ဒီအကြောင်း ကုလသမဂ္ဂရုံးရှိရာ ဂျနီဗာကနေ VOA သတင်းထောက် Lisa Schlein သတင်းပေးပို့ထားထာကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar ဒေသမှာ သစ်ပင်စိုက်ပျိုးရေး စီမံကိန်းကို ကုလသမဂ္ဂ IOM နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများ ဆိုင်ရာအဖွဲ့နဲ့ FAO စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ တို့က ဦးဆောင်ပြီး လုပ်ကြတာပါ။ ဒီစီမံကိန်းအရ ပြီးခဲ့တဲ့ သီတင်း ၂ ပတ်အတွင်း သစ်ပင်ပေါင်း ၄ သောင်းခွဲကျော် နဲ့ မြက်ပင်ပေါင်း ၇ သိန်းလောက်ကို စိုက်ပျိုးခဲ့တာ ဖြစ်ပြီး မကြာခင် ရက်တွေ အတွင်းမှာပဲ နောက်ထပ် သစ်ပင်ပေါင်း ၃၆ ၅၀၀ ကျော်နဲ့ မြက်ပင်ပေါင်း တသန်းလောက်ကို ဆက်ပြီး စိုက်ပျိုးမှာ ဖြစ်ပါတယ်။

အရင်ကလည်း Cox’s Bazar မှာရှိတဲ့ လူသားချင်းစာနာမှု အကူညီပေးနေတဲ့ အဖွဲ့အစည်းတွေက မြေဆီလွှာ မပျက်စီးအောင် လုပ်ဆောင်တဲ့အနေနဲ့ ပျိုးပင်ပေါက် သစ်ပင်ငယ်ပေါင်း ၂ သိန်းလောက်ကို ဒေသတွင်း ပျက်သုန်းသွားတဲ့ သစ်တောမှာပြန်လည် စိုက်ပျိုးခဲ့တယ်လို့ EETWG စွမ်းအင်နဲ့ သဘာဝဝန်းကျင်ဆိုင်ရာ နည်းပညာအလုပ်အဖွဲ့ွက ပြောပါတယ်။

ဒီဒေသဟာ တချိန်က စိမ်းလန်းနေတဲ့ တောင်ကုန်းတွေရှိခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ် သြဂုတ်နဲ့ စက်တင်ဘာလတွေထဲ ရိုဟင်ဂျာ သန်းတဝက်လောက် ဒီဒေသတွင်း ရုတ်တရက် ရောက်လာခဲ့တဲ့ နောက်မှာ ပျက်စီးခဲ့ရတာပါ။ အခု ကုလသမဂ္ဂရဲ့ ဒီစီမံကိန်းဟာ ပျက်စီးသွားတဲ့ သဘာဝ ဝန်းကျင်ကို ပြန်ပြီး စိုပြေလာစေ နိုင်မယ်လို့ IOM အဖွဲ့ပြောခွင့်ရ Joel Millman က ပြောပါတယ်။

“အဲဒီနေရာကို လူပေါင်း သိန်းနဲ့ချီပြီး ရောက်လာတာမို့ သူတို့တွေ ထင်းအဖြစ်သုံးဖို့ သစ်ပင်တွေ ခုတ်ရာကနေ မြေဧက အတော်များများ သစ်ပင်မရှိပဲ ဖြစ်သွားတာပါ။ ဒီလို တောပြုန်းတာဟာ အထူးသဖြင့် မုတ်သုန်ရာသီနဲ့ ကြုံရတဲ့အခါ သိပ်ကို အန္တရာယ်ကြီးပါတယ်။ မြေပြိုတာ တောင်ပြိုတာတွေနဲ့ မြေဆီလွှာကို ထိန်းထားမယ့် မြက်မရှိ၊ သစ်ပင်မရှိပဲ ရွှံ့ဖုံးနေတဲ့ တောင်တွေပေါ်မှာ ရာနဲ့ချီတဲ့ တဲလေးတွေ ဒီအတိုင်း ဆောက်ထား ကြတာပါ။ ဒါဟာ တကယ့်ကို ကပ်ဘေးအန္တရာယ် ကောင်းကောင်း ဆိုက်နိုင်တဲ့ အခြေနေပါ။”

အခုဆို ဒုက္ခသည်ပေါင်းက တသန်းလောက်ကို ရှိနေပြီဖြစ်ပါတယ်။ ဒီဒုက္ခသည်တွေ ရောက်လာတဲ့အတွက် သစ်တော ဧက ၂ ၈၀၀ - ဟက်တာပေါင်း ၇ ၀၀၀ လောက် ပျက်စီးခဲ့မယ်လို့ ဘင်္ဂလားဒေ့ရှ် သစ်တောဌာနက ခန့်မှန်းထားပါတယ်။ ဒီဒေသတွင်း နေထိုင်သူ မိသားစုတွေနဲ့ ဒုက္ခသည်တွေအတွက် ကယ်ဆယ် ကူညီရေး အဖွဲ့တွေက LPG မီးဖိုတွေကို ပေးဝေနေပြီး အခုဆိုရင် စုစုပေါင်း မီးဖို ၂၄၀ ၀၀၀ လောက်ပေးခဲ့ပါတယ်။ ဒါဟာ ထင်းမီးသုံးစရာမလိုအောင် လုပ်ပေးတာ ဖြစ်ပြီး သစ်တောပျက်သုဉ်းမယ့် အန္တရာယ်ကို ကာကွယ် နိုင်ဖို့ဖြစ်ပါတယ်။

အခုတော့ သစ်ပင်စိုက်တဲ့ စီမံကိန်းကို ကုလသမဂ္ဂက လုပ်ပေးနေပြီး ဒါဟာ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက်ရော ဒေသခံ အသိုင်းအဝိုင်း အတွက်ပါ သူတို့ ဘဝတွေ ပြန်လည်ရှင်သန်လာစေမယ့် အခွင့်ရေးတွေ ပေးတာ ဖြစ်သလို ဝင်ငွေရမယ့် အလုပ်လည်း ဖြစ်တယ်လို့ IOM ကပြောပါတယ်။ သဘာဝပတ်ဝန်းကျင် တိုးတက်ကောင်းမွန်လာအောင် လုပ်ပေးမယ့် စီမံကိန်းတွေကို IOM က လုပ်အားခပေး လုပ်ခိုင်းနေတာ ဖြစ်ပြီး ဒီစီမံကိန်းတွေမှာ ပါဝင်တဲ့လူက ထောင်ပေါင်းများစွာရှိနေတယ်လို့လည်း ပြောပါတယ်။

Your browser doesn’t support HTML5

ရိုဟင်ဂျာဒုက္ခသည်ကြောင့် တောပြုန်းတဲ့နေရာ သစ်ပင်ပြန်စိုက်မည်