ဂျပန်နိုင်ငံမှာ ရေဘေးကြောင့် ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေ

ဂျပန် မိုးသည်းထန်ရွာပြီး Suzu နဲ့ Wajima မြို့တွေမှာ ရေကြီး

ဂျပန်နိုင်ငံ Noto ဒေသမှာ မိုးသည်းထန်ရွာသွန်းရာက ရေကြီးမှုတွေအတွင်း ပျောက်ဆုံးနေသူ ၆ ဦးထက်မနည်းကို အရေးပေါ် ကယ်ဆယ်ရေးတွေ ဒီကနေ့ ဆက်လက်ရှာဖွေနေကြပါတယ်။

ဇန်နဝါရီလ ၁ ရက်နေ့က မြေငလျင်ဒဏ်သင့်ခဲ့တဲ့ ဒေသမှာ ရေကြီးမှုတွေနဲ့ မြေပြိုမှုတွေကြောင့် လူ ၁ ဦးလည်း သေဆုံးခဲ့တာပါ။ ရေဘေးဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ Suzu နဲ့ Wajima မြို့တွေ အပါအဝင် Noto ကျွန်းဆွယ် မြောက်ပိုင်း ကမ်းရိုးတန်းဒေသ Ishikawa ခရိုင်က မြို့တော်တော်များများမှာ မိုးအပြင်းအထန် ရွာသွန်းနိုင်တယ်လို့လည်း ဂျပန်နိုင်ငံ မိုးလေဝသဌာနက စနေနေ့မှာပဲ အမြင့်ဆုံးအဆင့် သတိပေးခဲ့ပါတယ်။

နောက်ပိုင်းမှာ မိုးသည်းထန်မယ့် သတိပေးချက်ကို လျှော့ချလိုက်ပေမဲ့ ရေကြီး၊ မြေပြိုနိုင်တဲ့ အန္တရာယ် သတိပေးချက်ကိုတော့ ဆက်လက် ထုတ်ပြန်ထားတာပါ။ Suzu မြို့မှာ ရေနောက်မျောပါရာက လူ ၁ ဦး သေဆုံးပြီး၊ နောက် ၁ ဦးလည်း ပျောက်ဆုံးနေပါတယ်။ အနီးအနားက Noto မြို့မှာလည်း နောက်တယောက် ပျောက်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ Wajima မြို့မှာတော့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုက ပျောက်ဆုံးနေသူ ၄ ဦးကို အရေးပေါ်ကယ်ဆယ်ရေးတွေ ရှာဖွေနေကြတာပါ။

ဇန်နဝါရီလတုန်းက ငလျင်ကြောင့် ပျက်စီးသွားတဲ့ ဥမင်လှိုင်တခုကို ပြင်ဆင်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်က လူ ၆၀ လောက်မှာ ရေဘေးကြောင့် ၄ ဦး ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။