ကုလသံအမတ် Rice ကို အမျိုးသားလုံခြုံရေး အကြံပေး ခန့်အပ်မည်

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Susan Rice

သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ရဲ့ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် တွန် ဒွန်နလွန် (Tom Donilon) ရာထူးက နှုတ်ထွက်တော့မှာဖြစ်ပြီး၊ သူ့ရဲ့နေရာမှာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဆူဇန် ရိုက်စ် (Susan Rice) ကို အစားထိုးခန့်ထားမှာ ဖြစ်ပါတယ်။

ဒီနေ့ညနေမှာ ရာထူးနေရာ အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး သမ္မတက ကြေညာဖို့ ရှိတယ်လို့ အိမ်ဖြူတော်က အတည်ပြုပါတယ်။

တွန် ဒွန်နလွန် (Tom Donilon) ဟာ သမ္မတ အိုဘားမား သမ္မတတာဝန် ယူချိန်ကစပြီး အခရာကျတဲ့ နိုင်ငံခြားရေး မူဝါဒတွေကို အကြံပေးနေတာ ဖြစ်ပါတယ်။ တွန် ဒွန်နလွန် (Tom Donilon) ဟာ ရှေ့လမှာ တာဝန်ကနေ နှုတ်ထွက်မှာ ဖြစ်ပါတယ်။

Republican ကွန်ကရက် လွှတ်တော်အမတ်တွေက လစ်ဗျားနိုင်ငံ ဘန်ဂါဇီရှိ အမေရိကန်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး ဆူဇန် ရိုက်စ် (Susan Rice) ကို ပြင်းပြင်းထန်ထန် ဝေဖန်ထားတာ ဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဟောင်း ကလင်တန်ရဲ့နေရာမှာ ဆူဇန် ရိုက်စ် (Susan Rice) ကို အစားထိုးဖို့ စဉ်စားခဲ့ပေမဲ့ Republican တွေရဲ့ ဝေဖန်မှုတွေကြောင့် ရုပ်သိမ်းခဲ့ရပါတယ်။ ဒီ အမျိုးသားလုံခြုံရေး အကြံပေး ရာထူးအတွက်တော့ အထက်လွှတ်တော်ကော်မတီရဲ့ အတည်ပြုချက် ယူဖို့ မလိုပါဘူး။

သမ္မတအိုဘားမားရဲ့ အကြံပေးလည်းဖြစ်၊ သတင်းထောက် လုပ်ခဲ့ဖူးသူလည်းဖြစ်တဲ့ စမန်သာ ပါဝါ (Samantha Power) ကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဆူဇန် ရိုက်စ် (Susan Rice) ရဲ့နေရာမှာ အစားထိုး ခန့်ထားမှာဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။