တချိန်က ကမ္ဘာပေါ်မှာ ဆန်စပါးတင်ပို့မှု အများဆုံးနိုင်ငံဖြစ်ခဲ့ဘူးတဲ့ မြန်မာနိုင်ငံဟာ အခုအခါမှာတော့ တခြားအာရှ နိုင်ငံတွေထက် အများကြီး နောက်ကျကျန်နေပါတယ်။ ထိုင်း၊ ဗီယက်နမ်စတဲ့ နိုင်ငံတွေက ဆန်တွေ ကမ္ဘာပေါ်မှာ အရောင်းသွက်နေချိန် မြန်မာနိုင်ငံရဲ့ ဆန်ထုတ်လုပ်မှု အခြေအနေတွေကတော့ တိုးတက်မှုမရှိပဲ ဖြစ်နေရတာပါ။ ကိုယ်တိုင်လည်း ဆန်အဓိက စားသုံး၊ ထုတ်လုပ်တဲ့ နိုင်ငံတခုဖြစ်ပါလျက်နဲ့ ဒီလိုထုတ်လုပ်မှုတွေ၊ ပြည်ပတင်ပို့မှုတွေမှာ တခြားနိုင်ငံတွေနဲ့ မယှဉ်နိုင်ပဲ ဖြစ်နေရတာဟာ ဘယ်လို အကြောင်းတွေရှိနေလို့လဲ ဆိုတာကိုတော့ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ ဆန်စိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ်နဲ့ ပြီးခဲ့တဲ့နှစ်ထဲမှာ ထိုင်းနိုင်ငံက ဆန်တန်ချိန် ၉. ၀၃ သန်း ပြည်ပ တင်ပို့ခဲ့သလို၊ ဗီယက်နမ်နိုင်ငံကတော့ ၆.၉ သန်း တင်ပို့နိုင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ ဆန်တင်ပို့မှုနှုန်းဟာဆိုရင် ၂၀၁၀ ပြည့်နှစ်ထဲမှာ ၅ ရာခိုင်နှုန်း တက်လာခဲ့ပြီး ဒေါ်လာသန်း ၅,၃၀၀ အထိ ရရှိခဲ့တယ်လို့လည်း ထိုင်းနိုင်ငံရဲ့ ပြည်ပဆန်တင်ပို့သူများ အသင်းက ပြောခဲ့တာပါ။ အိမ်နီးချင်း မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ်တုန်းက မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်ကို ကျင့်သုံးချိန်ကစလို့ ထိုင်းနိုင်ငံဟာ ကမ္ဘာပေါ်မှာ အဓိကဆန်တင်ပို့တဲ့ တိုင်းပြည်အဖြစ် ပေါ်ထွန်းလာတာလည်း ဖြစ်ပါတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အဆုံးသတ်သွားခဲ့တဲ့ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာလည်း အုပ်ချုပ်လာတဲ့ စစ်အစိုးရတွေလက်ထက် စီးပွားရေး မူဝါဒတွေမှာ သိသိသာသာ အပြောင်းအလဲတွေ မတွေ့ခဲ့ရပါဘူး။
ဆန်စပါး ဈေးကွက်မှာ အစိုးရက အဓိကချုပ်ကိုင်ထားတဲ့ မူဝါဒတွေနဲ့အတူ မြန်မာနိုင်ငံရဲ့ ပြည်ပဆန်တင်ပို့မှုဟာ နိမ့်ကျမြဲနိမ့်ကျနေတာလို့ ရန်ကုန်မြို့က ဆန်ကုန်သည် တယောက်က ပြောပါတယ်။
“ဗီယက်နမ်က အခုမှနောက်က လိုက်လာတာ၊ ထိုင်းကတော့ ပထမဖြစ်နေတာကြာပြီ။ မြန်မာပြည်ကတော့ ၂၀၀၃ ခုနှစ် အထိက ကုန်သွယ်လယ်ယာကပဲ အစိုးရအနေနဲ့တင်တာ၊ Export လုပ်တာပေါ့နော်။ ပုဂ္ဂလိက အနေနဲ့ Export လုပ်ခွင့် မရခဲ့ဘူး။ ၂၀၀၃ ခုနှစ် ဒီဘက်ကျမှ ပုဂ္ဂလိကတွေက စတင်တာပေါ့။ အဲဒီတော့ ၂၀၀၃ ခုနှစ် ဟိုဘက်ပိုင်းမှာ အစိုးရကတင်တာက တနှစ်ကို ပျမ်းမျှ တန်ချိန် ၃ သိန်းလောက်ပဲ တင်နိုင်တယ်။ ဒါပေမဲ့ တန်ချိန် ၁ သန်း တင်နိုင်ခဲ့တာ ၃ ကြိမ်လောက်ရှိတယ်။ ၁၉၈၄ လောက်မှာ တကြိမ်၊ ၁၉၉၄ မှာတကြိမ်၊ ၂၀၀၁ မှာတကြိမ်။ ၂၀၀၉ မှာကတော့ တန်ချိန် ၁ သန်း စွန်းစွန်းတင်နိုင်ခဲ့တယ်၊ ၁ သန်းနဲ့ ၁ သောင်းလောက် တင်နိုင်တယ်။ ၂၀၁၀ မှာတော့ တန်ချိန် ၃ သိန်းကျော်ပဲ တင်နိုင်ခဲ့တယ်။ ဒီနှစ်မှာလည်း အဲဒီဝန်းကျင်လောက်ပဲ တင်နိုင်လိမ့်မယ်လို့ထင်တယ်။”
မြန်မာနိုင်ငံအနေနဲ့ကတော့ ဆန်ထုတ်လုပ်မှုတွေမှာ နည်းပါးနေဆဲဖြစ်သလို ပြည်ပတင်ပို့တဲ့ ဆန်အရည်အသွေးတွေ နိမ့်ကျနေတာမို့ အာဖရိကနဲ့အာရှတိုက် နိုင်ငံတချို့ကလွဲလို့ ကမ္ဘာ့ဈေးကွက်မှာ တိုးနိုင်လောက်တဲ့ အဆင့်မှာမရှိသေးဘူးလို့လည်း ကုန်သည်တွေက ဆိုနေကြတာပါ။ ဒီလိုပဲ ပြည်ပဈေးကွက်ထိုးဖောက်ဖို့ သယ်ယူပို့ဆောင်ရေး အပါအဝင် အခြေခံ အဆောက်အအုံ လိုအပ်ချက်တွေက အမြောက်အများ ရှိနေဆဲပဲလို့လည်း ရန်ကုန်မြို့က ဆန်ကုန်သည်က ပြောပါတယ်။
“ကျနော်တို့ ဒီမှာက Seaport (ပင်လယ်ဆိပ်) မရှိဘူး၊ Riverport (မြစ်ဆိပ်) ကနေ သွားရတယ်။ ပြောချင်တာက တန်ချိန်များတဲ့ သင်္ဘောကြီးတွေ ဝင်ပြီးမတင်နိုင်တဲ့အတွက်ကြောင့် ကုန်တင်ခဈေးကြီးတယ်။ နောက်တခုကတော့ နှစ်တိုင်း ဥပမာ တန်ချိန် ၅ သိန်းဖြစ်ရင် ၅ သိန်း၊ ၃ သိန်းဖြစ်ရင် ၃ သိန်း မတင်နိုင်ဘူး။ ပြည်တွင်းဖူလုံရေးကို ဦးစားပေးတဲ့အတွက်ကြောင့်မို့ တင်နိုင်တဲ့ ပမာဏက ပုံသေမရှိဘူး။ နောက်တခုက ဈေးကွက်မရသေးဘူး။ တကယ့်တကယ် ပုဂ္ဂလိကအပိုင်းက တင်တာက ၂၀၀၈ လောက်ကမှ စတင်တော့၊ ကျနော်တို့က အခုမှ အစပျိုးအဆင့်ပေါ့ဗျာ။ အဲဒါတွေကြောင့်လည်း ပါတာပေါ့။ နောက်တခု အနေနဲ့ကတော့ Banking arrangement (ဘဏ်လုပ်ငန်းစနစ်) မရှိဘူးဗျ။”
နိုင်ငံတကာဈေးကွက်နဲ့ ဆက်သွယ် လုပ်ဆောင်ရတဲ့ လုပ်ငန်းတွေမှာ အာဏာပိုင်တွေက မကြာခနဆိုသလို မူဝါဒတွေ ပြောင်းလဲတာတွေဟာလည်း စီးပွားရေးလုပ်ငန်းရှင်တွေအတွက် စိတ်ချလက်ချ လုပ်ကိုင်ဖို့ အခြေအနေ မပေးဘူးလို့လည်း ကုန်သည်တွေက ပြောပါတယ်။ ဒီလိုပဲ စနစ်တကျ ကျင့်သုံးနေတဲ့ ငွေကြေးလဲလှယ်မှုစနစ်တွေမရှိတဲ့ နိုင်ငံအဖြစ် ဆန်အပါအဝင် ပြည်ပပို့ကုန် လုပ်ငန်းတွေမှာ အားနည်းချက်တွေ ရှိနေတာပါ။ ရလဒ်အဖြစ်လို့ ဆိုရမှာကတော့ ဒီနှစ်ဆန်းပိုင်း မြန်မာနိုင်ငံရဲ့ ပြည်ပဆန်တင်ပို့မှုဟာ နည်းပါးနေပြီး၊ ဒါဟာလည်း ငွေကြေးလဲလှယ်နှုန်းတွေရဲ့ အကျိုးဆက်ကြောင့်လို့ ပြည်ပပို့ကုန် လုပ်ငန်းရှင် တယောက်က ပြောပြပါတယ်။
“ဆန်ပြည်ပတင်ပို့တာကတော့ အခုအများကြီး မသွားပါဘူး။ ပြည်တွင်းဆန်ဈေးကလည်း သိပ်မတက်ဘူး လောလောဆယ်တော့ ပါးတာပေါ့လေ။ ငွေလဲနှုန်းကလည်း မြန်မာငွေက တန်ဘိုးမြင့်နေတယ်၊ မာနေတယ်။ မာနေတယ်ဆိုတော့ Exporter (ပြည်ပပို့တဲ့လူတွေ) ကလည်း မကိုက်ဘူး။ အခုတောင်မှ ဒီနှစ်က ဆန်ဈေးဈေးကောင်းရတယ်လို့ ပြောရမှာ။ တတန်ကို ဒေါ်လာ ၃၆၀၊ ၃၇၀ လောက်တောင်ရတယ်။ အရင်ဆိုရင် ၃၂၅၊ ၃၃၀ လောက်နဲ့ ပို့နေတာ၊ အခု ၃၇၀ ကိုတောင် မပို့နိုင်ဘူးဆိုတာက ငွေလဲနှုန်းမှာ မြန်မာငွေကမာနေလို့လေ။ အဲဒါကြောင့် မကိုက်ဘူးဖြစ်နေတယ်။”
ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်ထဲမှာတော့ ထိုင်းနိုင်ငံဟာ ကမ္ဘာပေါ်က ဆန်ကုန်သွယ်မှုတွေရဲ့ ၃၃ ရာခိုင်နှုန်းကို နေရာယူနိုင်ခဲ့ပြီး ဗီယက်နမ်နိုင်ငံကတော့ ဈေးကွက်ရဲ့ ၂၂ ရာခိုင်နှုန်းကို ရခဲ့တာပါ။ ထိုင်းနိုင်ငံက သူ့ရဲ့ ပထမနေရာကို ဆက်ထိန်းသွားနိုင်ဖို့ အတွက်လည်း ဆန်အမြောက်အများ ဝယ်ယူတဲ့ ဈေးကွက်တွေ၊ ဈေးကောင်းရတဲ့ ဈေးကွက်တွေကို ပိုပြီးထိုးဖောက်သွားဖို့ စီစဉ်နေပါတယ်။ ဒီအစီအစဉ်အရ အမေရိကန် ပြည်ထောင်စု၊ တရုတ်ပြည်မကြီး၊ ဟောင်ကောင်၊ စင်္ကာပူ စတဲ့ဈေးကွက်တွေကို အဓိကဆန်တင်ပို့နေတဲ့ ကုန်သည်တွေနဲ့ ပူးပေါင်းပြီး တိုးမြှင့်ရောင်းချသွားမှာ ဖြစ်တယ်လို့လည်း ထိုင်းကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ကြေညာထားတာပါ။
ဒီလို ပြိုင်ဆိုင်မှုတွေကြား မြန်မာနိုင်ငံမှာ ဆန်ထုတ်လုပ်မှု တိုးလာဖို့အတွက်ဆိုရင်တော့ ဈေးကွက်မှာ လွတ်လွတ်လပ်လပ် ကုန်သွယ်နိုင်ဖို့က အရေးကြီးလိမ့်မယ်လို့ ရန်ကုန်မြို့က ဆန်ကုန်သည်က မြင်ပါတယ်။
“ကျနော့်အမြင်တော့ဗျာ ချုပ်ပြီး တိုတိုပြောရရင်တော့ ဈေးကွက်ပါပဲဗျာ။ အရင်တုန်းက ကျနော်တို့ လယ်သမားတွေ ပဲစိုက်တယ်ဆိုတာ နည်းတယ်။ အခုတော့ လွန်ခဲ့တဲ့ ၁၄-၅ နှစ်လောက်ကစပြီးတော့ ပဲက Export လုပ်လို့ရတဲ့ အခါကျတော့၊ ဈေးကောင်းတဲ့ အခါကျတော့ လယ်သမားက စိုက်တာပဲ။ ကျနော်တို့ သိပ်သတိမထားမိတဲ့ ၁၄-၅ နှစ်အတွင်းမှာ ကမ္ဘာပေါ်မှာ ဒုတိယပဲအများဆုံး တင်ပို့တဲ့နိုင်ငံ ဖြစ်တာပဲ။ ကျနော်ပြောချင်တာက ဘာလဲဆိုတော့ ဈေးကွက်ကောင်းလို့ ဈေးနှုန်းကောင်းရရင် လယ်သမားကလည်း လယ်ထဲတင်မဟုတ်ဘူး မြောင်းထဲပါ စိုက်တာပဲ။ ဒီလိုပဲ ပဲလည်းအဲဒီလို စိုက်ကြတာပဲ။ လယ်သမားဆိုတာ သိတယ်မို့လား အလုပ်သမားသက်သက်မှ မဟုတ်တာ၊ ကုန်သည်တပိုင်းလေ။ သူစိုက်ပျိုးထုတ်လုပ်တဲ့ ပစ္စည်းကို အရောင်းအဝယ် လုပ်တဲ့လူလေ။ အဲဒီတော့ အရောင်းအဝယ်လုပ်တဲ့လူ ကုန်သည်ဆိုတာကတော့ အရင်းအနှီးရှိဖို့လိုတာပေါ့။ အရင်းအနှီးရဖို့လည်း ကျနော်တို့က ဒီမှာက အရင်းအနှီး ဈေးကွက်မှ မရှိတာ။ နောက်သူကိုယ်တိုင်ကလည်း လယ်သမားက လယ်ကို သူပိုင်တာမှ မဟုတ်တာ။ ပေါင်နှံရောင်းချနိုင်တဲ့ အခွင့်အရေးမှ မရှိတာ။”
ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ (FAO) ရဲ့ တွက်ချက်မှုအရ ကမ္ဘာမှာ ဆန်တင်ပို့မှု အများဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံဟာဆိုရင် မြန်မာနိုင်ငံထက် ဓာတုဗေဒ ဓာတ်မြေသြဇာ သုံးစွဲမှုနှုန်းဟာ ၇ ဆနီးပါးရှိပြီး၊ ဆန်တင်ပို့မှု ဒုတိယအများဆုံးဖြစ်တဲ့ ဗီယက်နမ်နိုင်ငံကတော့ ဓာတ်မြေသြဇာ သုံးစွဲမှုဟာ ၆ ဆနီးပါးရှိပါတယ်။
၂၀၀၉ ခုနှစ်ကုန်ပိုင်းက မြန်မာနိုင်ငံကို သွားရောက်ပြီး အာဏာပိုင်တွေနဲ့ပါ နှီးနှောဖလှယ်မှုတွေ လုပ်ခဲ့တဲ့ စီးပွားရေး နိုဘဲလ်ဆုရှင် ပါမောက္ခ ဂျိုးဇက်ဖ် စတစ်ဂ်လဇ် (Joseph Stiglitz) ကတော့ သူ့ခရီးစဉ်အတွင်း လယ်သမားတွေနဲ့ တွေ့ဆုံရာမှာ စိုက်ပျိုးထုတ်လုပ်မှုတွေ တိုးမြင့်နိုင်တဲ့ အလားအလာတွေ ရှိနေတာကို တွေ့ခဲ့ရပေမဲ့လည်း၊ အရည်အသွေးရှိတဲ့ မျိုးစပါးတွေ၊ ဓာတ်မြေသြဇာတွေ ဝယ်ယူဖို့ ချေးငွေ မရနိုင်တဲ့ အခြေအနေတွေကို တွေ့ခဲ့ရကြောင်း ပြောခဲ့တာပါ။ ဒီလိုပဲ တိုင်းပြည်တခုလုံးရဲ့ စီးပွားရေး တိုးတက်စေဖို့အတွက်ဆိုရင်လည်း မြန်မာနိုင်ငံရဲ့ လူဦးရေအများစု နေထိုင်ရာ ကျေးလက်ဒေသတွေကို ပံ့ပိုးထောက်ပံ့မှုတွေ လုပ်ဆောင်ဖို့ အရေးကြီးတဲ့အကြောင်း နိုဘယ်လ်ဆုရှင် ပါမောက္ခ စတစ်ဂ်လဇ် က အလေးထား ပြောသွားခဲ့တာဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍကို ရပ်နားပါရစေ။