Ricin အဆိပ်ပါ စာပို့သူ တရားရုံးထုတ်မည်

Everett Dutschke

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ အထက်လွှတ်တော် အမတ် တဦးတို့ဆီကို အဆိပ်ပါတဲ့စာတွေ ပေးပို့မှုနဲ့ စွပ်စွဲခံခဲ့ရတဲ့ အမျိုးသားကို တနင်္လာနေ့က ပြည်နယ်တရားရုံးတခုမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။

အယ်ဗာရက် ဒက်ရှ်ကာ (Everett Dutschke) ဟာ စာတွေထဲမှာ ricin အဆိပ်ပါတဲ့ ဇီဝဗေဒ လက်နက် အသုံးပြုမှုနဲ့ စွပ်စွဲခံထားရတာပါ။

အကျဉ်းရုံး ကြားနာစစ်ဆေးမှု တခုအတွင်း သူ့အပေါ် စွပ်စွဲချက်တွေကို နားလည်တဲ့အကြောင်း ဒက်ရှ်ကာ က တရားသူကြီးကို ပြောခဲ့ပြီးတော့ ကြာသပတေးနေ့ နောက်တကြိမ် စစ်ဆေးမှု မတိုင်ခင်အထိ အာမခံ မပေးဖို့ အမိန့် ချမှတ်ခဲ့ပါတယ်။

တကယ်လို့ အပြစ်ရှိတယ်ဆိုရင် သူဟာ ထောင်ဒဏ် တသက် ချမှတ်ခံရမှာ ဖြစ်ပါ တယ်။ ricin အဆိပ်ကို ရှူရှိုက်မိမယ်၊ မျိုချမိမယ်၊ ဆေးထိုးမိမယ်ဆိုရင် အဲ့ဒီလူဟာ သေတဲ့အထိ ဖြစ်နိုင်ပါတယ်။

Mississippi ဒေသခံဖြစ်တဲ့ ဒက်ရှ်ကာ ကတော့ ပြီးခဲ့တဲ့သီတင်းပတ် သူ့ကို ဖမ်းမိခဲ့တဲ့အချိန်တုန်းက ricin အဆိပ်အကြောင်း သူ ဘာမှ နားမလည်ပါဘူး လို့ ငြင်းဆန်ခဲ့ပါတယ်။