ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ စီးပွားရေး လုပ်ကိုင်ဖို့ ပြင်ဆင်

ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေ စီးပွားရေးလုပ်ငန်းလုပ်ဖို့ အသီးသီး ပြင်ဆင်နေကြတာမှာ RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီကလည်း သူတို့ပါတီ အနေနဲ့ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နိုင်ဖို့အတွက် ပြင်ဆင် လုပ်ဆောင်နေပြီလို့ ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောပါတယ်။ ပါတီအနေနဲ့ စီးပွားရေးလုပ်ငန်း လုပ်ပိုင်ခွင့် ၆ ခုရှိတဲ့အထဲက ၄ ခုကို လုပ်ဆောင်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ တခြား နိုင်ငံရေးပါတီ တချို့လိုပဲ သူတို့ပါတီ အနေနဲ့လည်း စီးပွားရေးလုပ်ငန်းတချို့ လုပ်ဖို့အတွက် စီစဉ်နေတယ်လို့ ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပါတယ်။ ကုမ္ပဏီရဲ့ အမည်ကို သီရိဝစ္စလို့ အမည်ပေးထားပြီး ပါတီက နိုင်ငံရေးလုပ်သူတွေနဲ့ ကင်းကင်းရှင်းရှင်း ရှိမယ်လို့ ဒေါက်တာ အေးမောင်က ရှင်းပြပါတယ်။

“ကျနော်တို့ ကုမ္ပဏီက သီရိဝစ္စ ကုမ္ပဏီဆိုပြီး နာမည်ပေးမယ်လို့ ကျနော်တို့ ယေဘုယျ သဘောတူကြပါတယ်။ အဓိကတော့ ပါတီရဲ့ နိုင်ငံရေး လှုပ်ရှားတဲ့ ပုဂ္ဂိုလ်တွေနဲ့ ကင်းပါတယ်။ အပြိုင်ပေါ့၊ ပါတီရဲ့ သီးသန့်ပါ။ စီးပွားရေးလုပ်တဲ့ အဖွဲ့အစည်းဟာ အဓိက ဖြစ်ရမယ်၊ ရှယ်ယာတွေ ရောင်းပြီးကာမှ စတော့ခ် ရှယ်ယာ သဘောနဲ့ပါ။ ကုမ္ပဏီရဲ့ အကျိုးအမြတ် ၇၅% က Share Holder တွေဆီ စီးဝင်သွားမှာပါ။ ၂၅% ကိုတော့ ကျနော်တို့ပါတီရဲ့ ရေရှည် ရပ်တည်ရေးအတွက် စီးဝင်သွားမှာပါ။”

စီးပွားရေးလုပ်လို့ ရလာတဲ့ အမြတ်အစွန်း ၂၅% ကို ပါတီရန်ပုံငွေအဖြစ် ကောက်ယူမှာ ဖြစ်ပေမဲ့ အဲဒီ ၂၅% ထဲကပဲ ရခိုင်လူငယ်တွေအတွက် ပညာသင်စရိတ်နဲ့ တခြား သဘာဝဘေးအန္တရာယ် ကူညီရေးဆိုင်ရာ ရန်ပုံငွေတွေကိုလည်း မတည်သွားမယ်လို့ ဆိုပါတယ်။

“အဲဒီထဲက ကျန်းမာရေး၊ ပညာရေးနဲ့ ပတ်သက်လို့ ရန်ပုံငွေတွေ ထူထောင်မယ်၊ နောက် အဓိကတော့ ပညာရေး၊ ပြည်တွင်း ပြည်ပ ပညာ သင်ကြားနိုင်အောင် ထူးချွန်ထက်မြက်တဲ့ ရခိုင်ပြည်ဖွား ကျနော်တို့ ပါတီဝင် သားသမီးတွေကို ပညာသင်ဆု၊ Scholar တခု ပေးချင်တာရယ်၊ နောက် သဘာ၀ ဘေးအန္တရာယ် ကျတတ်တဲ့ ဒေသမို့လို့ အဲဒီလိုမျိုး ကျခဲ့ရင် လှူနိုင် တန်းနိုင်အောင် ကျနော်တို့က အထူးရန်ပုံငွေတခု ထူထောင်မယ်ဆိုတဲ့ ဟာလေးနဲ့ပါ။”

ပါတီတွေအနေနဲ့ စီးပွားရေးလုပ်ဖို့ မှတ်ပုံတင်ကြတဲ့အခါ ကဏ္ဍ ၆ ခုကို လုပ်ပိုင်ခွင့် ရှိတယ်လို့ ဖော်ပြထားပေမဲ့ သူတို့အနေနဲ့တော့ လောလောဆယ် ဆောက်လုပ်ရေးနဲ့ ရေလုပ်ငန်း အပါအဝင် ကဏ္ဍ ၄ ခုကိုလုပ်ဖို့ စဉ်းစားထားတဲ့အကြောင်း ဒေါက်တာ အေးမောင်က ဆက်ပြောပါတယ်။

“ကျနော်တို့က လေ့လာထားပြီးတဲ့ဟာတွေ ရှိပါတယ်။ အဓိက ပါတီ ကုမ္ပဏီများ မှတ်ပုံတင်ခြင်း ဥပဒေမှာလည်း ပါတယ်။ ကုမ္ပဏီတခုက ကဏ္ဍ ၆ ခုကို လုပ်နိုင်တယ်လို့ ကြားရပါတယ်။ အဲဒီမှာ ၄ ခုလောက်ကို ကျနော်တို့ ဦးတည်ပါတယ်။ နံပါတ်တစ်က ဆောက်လုပ်ရေး လုပ်ငန်းတွေပါ၊ ဆောက်လုပ်ရေးလုပ်ငန်း ဆိုတာက ဥပမာ INGO တခုက ဆိုင်ကလုံး Shelter ဆောက်တာတို့ ဘာတို့ကို ကန်ထရိုက်ယူမယ်ပေါ့ဗျာ၊ ကျနော်တို့မှာ အင်ဂျင်နီယာတွေ ရှိပါတယ်။ အဲဒါမျိုး ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းကို လုပ်မယ်။ လမ်းတို့၊ တံတားတို့ပေါ့ဗျာ။ သူ့ရဲ့ ကန်ထရိုက် လုပ်ငန်းတွေပါ။

“နောက်တခုကတော့ ရေလုပ်ငန်းရှိမယ်၊ မွေးမြူရေးလုပ်ငန်း ရှိမယ်၊ ကုန်သွယ်ရေးလုပ်ငန်း ရှိမယ်။ အဲဒီကဏ္ဍ ၄ ခုကိုလုပ်ဖို့ မှန်းထားပါတယ်။”

သီရိဝစ္စကုမ္ပဏီရဲ့ စီးပွားရေး လုပ်ငန်းတွေကို ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းတို့မှာ သင့်တော်တဲ့ အစုရှယ်ယာတွေ ခေါ်ပြီး စတင် လုပ်ဆောင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ အခု လေ့လာနေပါတယ်။ ကျနော်တို့ အနေနဲ့ ကုမ္ပဏီလုပ်ငန်း လုပ်ဖူးတဲ့ ပုဂ္ဂိုလ်တွေ၊ နောက် ဥပဒေကြောင်းအရ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ညှိနှိုင်း တိုင်ပင်နေကြပါတယ်။ ရှယ်ယာခေါ်ရင် အစုရှယ်ယာ တခုကို ၁၀,၀၀၀ သတ်မှတ်မလား၊ အစုရှယ်ယာ ၁၀၀,၀၀၀ သတ်မှတ်မလား၊ ဘယ်နှစ်သောင်း သတ်မှတ်မလဲ ဆိုတာမျိုးလေ။

“အဓိက ၁၇ မြို့နယ်၊ ရန်ကုန်တိုင်းရယ်ပေါ့။ တမြို့နယ်ကို အစုရှယ်ယာ ၁,၅၀၀ လောက်လေ။ ပါတီဝင်ထုလည်း ဝင်နိုင်အောင်၊ အဲဒါမျိုး ၁၇ မြို့နယ်မှာ ကျနော်တို့က အစုရှယ်ယာရှင်တွေ ပေါ်လာလိမ့်မယ်လေ။ အဲဒီလိုမျိုးနဲ့ ရှယ်ယာခေါ်တာပါ။ ဥပမာ အစု ၅၀၀ ဆိုရင် ကျနော်တို့က Board of Director မှာ ပါရမလားဆိုတာ အသေးစိတ် ညှိနှိုင်းနေကြပါတယ်။ ဒီ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လ၊ ပါလီမန်ပေါ်ပြီး နောက်လောက်မှပဲ ကျနော်တို့က အသေးစိတ် ဖြစ်လာမှာပါ။ အခုက လေ့လာနေဆဲပါ။”

RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

ကျားဖြူပါတီလို့ လူသိများတဲ့ SNDP ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီကလည်း ကျားဖြူနာမည်နဲ့ပဲ မကြာခင် အစုရှယ်ယာတွေခေါ်ပြီး စီးပွားရေးလုပ်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။ ကျန်တဲ့ နိုင်ငံရေးပါတီ တချို့ကလည်း ပါတီ ရေရှည် ရပ်တည်နိုင်ရေးအတွက် စီးပွားရေးကုမ္ပဏီ တည်ထောင်ဖို့ စဉ်းစားပြင်ဆင်မှု လုပ်နေတယ်လို့ ပြောကြပါတယ်။

RNDP ကတော့ လောလောဆယ် ပါတီရန်ပုံငွေ ရဖို့အတွက်လည်းဖြစ်၊ စည်းရုံးရေးအတွက်လည်း ဖြစ်အောင် စစ်တွေရဲ့ တဘက်ကမ်းမှာရှိတဲ့ ပေါက်တောမြို့နယ် စံတော်ရှင် ဘုရားပွဲမှာ ပါတီ တီရှပ်တွေ၊ တခြား ပါတီနဲ့ဆိုင်တဲ့ စာအုပ်စာတမ်းတွေကို ရောင်းချနေတယ်လို့ ဆိုပါတယ်။ မကြာခင်မှာ ၂၀၁၁ ခုနှစ် ပြက္ခဒိန် ထုတ်ပြီးတော့လည်း ပါတီရန်ပုံငွေအတွက် ရောင်းချမယ်လို့ သိရပါတယ်။

နိုင်ငံရေးပါတီတွေက သူတို့ပါတီတွေ ရေရှည် ရပ်တည်နိုင်ရေးအတွက် အခုလို ပါတီရန်ပုံငွေရှာဖို့ သမားရိုးကျ နည်းလမ်းတွေကို အသုံးပြုပြီး စဉ်းစား လုပ်ကိုင်နေကြပေမဲ့ စစ်အစိုးရက ကျောထောက်နောက်ခံ ပေးထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီကတော့ နိုင်ငံတော် ဘဏ္ဍာငွေကို စာရင်းမရှိ အင်းမရှိ စိတ်တိုင်းကျ သုံးစွဲနေတယ်လို့ နိုင်ငံရေး အကဲခတ်တွေက ဝေဖန် ပြောဆိုနေကြပါတယ်။