ပါကစ္စတန်ခေါင်းဆောင် ဟောင်း Musharraf ကို လုပ်ကြံဖို့ ကြိုးစား

Musharraf ကားတန်းဖြတ်စဉ် ပေါက်ကွဲမှုဖြစ်ပွား။

ပါကစ္စတန် စစ်ဗိုလ်ချုပ်ကြီးဟောင်း Pervez Musharraf ဟာ လုပ်ကြံခံရဖို့ကနေ သီသီလေး လွတ်သွားခဲ့ပါတယ်။ ဒီနေ့ သူ့ကားတန်း ဖြတ်မောင်းသွား အပြီးလေးမှာပဲ လမ်းပေါ်မှာ ဗုံးတလုံးပေါက်ကွဲခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး Musharraf အနေနဲ့ Rawalpindi မြို့ ဆေးရုံကနေ Islamabad မြို့တော် အပြင်နားက သူ့ရဲ့ လယ်တောအိမ်ယာကို ကားနဲ့ပြန်ချိန်မှာ ခုလို ဗုံးပေါက်ခဲ့တာ လို့ ရဲတွေကဆိုပါတယ်။

ဒီဗုံးကို Faizabad တံတားအောက်က ပိုက်လိုင်းတခုထဲမှာ ထောင်ခဲ့တာဖြစ်ပြီး၊ ဗုံးဒဏ်ကြောင့် လမ်းပေါ်မှာ ချိုင့်ခွက်ကြီးဖြစ်သွားရတယ်လို့ ရဲတွေက ဆက်ပြောပါတယ်။

ဒီဗုံးပေါက်ကွဲမှုကြောင့် ဘယ်သူမှတော့ ဒဏ်ရာ မရခဲ့ကြပဲ၊ Mr. Musharraf ရဲ့ ယာဉ်တန်းဟာလဲ လမ်းကြောင်းပြောင်းပြီး ဆက်မောင်းသွားခဲ့ပါတယ်။
Mr. Musharraf အနေနဲ့ နိုင်ငံခြားမှာ ခိုလှုံခဲ့ရာကနေ မနှစ်ကမှ ပါကစ္စတန်ကို ပြန်လာခဲ့တာပါ။ ဒါပေမဲ့ ၂၀၀၇ ခုနှစ်တုံးက သူ အရေးပေါ်အခြေအနေကြေညာခဲ့တာဟာ နိုင်ငံတော်အပေါ် သစ္စာဖောက်ရာကျတယ်ဆိုပြီး အခု တရားစွဲခံ နေရပါတယ်။

အဲ့ဒီတုံးက သူ့အနေနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို ဖျက်သိမ်းခဲ့ပြီး၊ ခုံတရားသူကြီးတွေ ရာထူးကဖြုတ်ပစ်ကာ အတိုက်အခံတွေကို မလှုပ်ရဲအောင် လုပ်ဆောင်ခဲ့တယ်လို့ တရားလိုရှေ့နေတွေက စွတ်စွဲထားပါတယ်။
Mr. Musharraf အနေနဲ့ ပြစ်မှုထင်ရှားကြောင်း အမိန့်ချ ခံရရင်တော့ သေဒဏ်အထိ ကျခံရနိုင်ပါတယ်။