ကမ္ဘာ့အကောင်းဆုံး ဘော်လုံးသမား လို့ အသိများကြတဲ့ ၂၀၂၄ Ballon d'or ရွှေဘော်လုံးဆု ကို အင်္ဂလန် မန်ချက်စတာ စီးတီး အသင်းနဲ့ စပိန်အသင်း အလယ်တန်းလူ Rodri က ရရှိသွားပြီး၊ အမျိုးသမီး အကောင်းဆုံး ဘော်လုံးသမားဆု ကိုတော့ စပိန် ဘာစီလိုနာ အသင်းက အလယ်တန်း ကစားသူ Aitana Bonmati က နှစ်နှစ်ဆက်တိုက် ရရှိသွားပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ခုလို ဆုတွေကို တနင်္လာနေ့က ချီးမြှင့်ခဲ့တာပါ။ အသက် ၂၁ နှစ်အောက် အကောင်းဆုံး လူငယ် ဘော်လုံးသမားဆု Kopa Trophy ကိုတော့ စပိန်နိုင်ငံ ဘာစီလိုနာ အသင်းက Lamine Yamal လမင်း ယာမယ်လ် က ရရှိသွားပါတယ်။ သူက အသက် ၁၇ နှစ်ပဲ ရှိသေးတာပါ။ အကောင်းဆုံး အမျိုးသား ဂိုးသမားအဖြစ် Aston Villa အသင်းနဲ့ Argentina ဂိုးသမား Emiliano Martinez က ယာရှင် ဆုကို ရရှိပြီး၊ အင်္ဂလန် နဲ့ ဂျာမဏီ ဘေယန်မြူးနစ် ရှေ့တန်း တိုက်စစ်မှူး ဟယ်ရီကိန်း နဲ့ ရီးရဲ မက်ဒရစ် နဲ့ ပြင်သစ် တိုက်စစ်မှူး Kylian Mbappe တို့ကတော့ အကောင်းဆုံး တိုက်စစ်မှူး ဆု Gerd Müller Trophy ကို ပူးတွဲ ရရှိကြပါတယ်။
ရီးရဲ မက်ဒရစ် နည်းပြဆရာ Carlo Ancelotti၊ နဲ့ ယခင် ချယ်ဆီး အမျိုးသမီးအသင်း ယခု အမေရိကန် အမျိုးသမီး အသင်းနည်းပြ Emma Hayes တို့က တနှစ်တာ အကောင်းဆုံး နည်းပြဆုတွေ ရရှိသွားကြပါတယ်။ ဒီဆုကို ၁၉၅၆ က စပြီး ပြင်သစ် ဘော်လုံး မဂ္ဂဇင်းက တစ်နှစ်တာအတွင်း အကောင်းဆုံး ကစားနိုင်ခဲ့တဲ့ ဘော်လုံးသမားကို ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ အမျိုးသား ဘော်လုံးသမားအတွက် ကမ္ဘာ့ဘော်လုံးအဖွဲ့ချုပ် က သတ်မှတ်အဆင့် ၁၀၀ အထိ၊ အမျိုးသမီး ဘော်လုံးသမားအတွက် အဆင့် ၅၀ အထိ တိုင်းပြည်တွေက ဘော်လုံး သတင်းစာဆရာ တယောက်စီ ပါဝင်ကြတဲ့ နိုင်ငံတကာ အကဲဖြတ်အဖွဲ့က ပထမစာရင်းကို ပြုစုပြီး အဲဒီထဲက ရွေးချယ်ခဲ့တာပါ။
အမျိုးသား သက်ငယ် အကောင်းဆုံး ဘော်လုံးသမား စာရင်းမှာ ရီးရဲမက်ဒရစ် အသင်းမှာ ကစားနေတဲ့ Arda Güler က နံပတ် ၂ စွဲပြီး၊ ဘာစီလိုနာ မှာ ယာမဲလ် နဲ့ ကစားဖော် Pau Cubarsi က နံပတ် ၅ ချိတ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းက Kobbie Mainoo က အဆင့် ၃ ဖြစ်ပြီး သူနဲ့ ကစားဖော် Alejandro Garnacho ကတော့ နံပတ် ၆ အဆင့် သတ်မှတ်ခံရပါတယ်။