ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ခွာခိုလှုံနေတဲ့ ဒုက္ခသည် ၇ သိန်း နီးပါးအနက် ပထဆုံး အသုတ်အနေနဲ့ ၆,၀၀၀ ကို မြန်မာနိုင်ငံကို ပြန်ပို့ဖို့ စီစဉ်နေပြီလို့ ဘင်္ဂလားဒေ့်ရှ် တာဝန်ရှိသူတွေက မနေ့က ပြောဆိုခဲ့ပြီးနောက် မြန်မာဘက်က ပြန်လည်လက်ခံဖို့ အဆင်သင့် ပြင်ဆင် ထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး လည်းဖြစ်တဲ့ ဒေါက်တာ ဝင်းမြတ်အေးက VOA ကို ပြောဆိုလိုက်ပါတယ်။ VOA သတင်းထောက် မမေခ သတင်းပေးပို့ထားပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာရောက်နေတဲ့ ဒုက္ခသည်တွေထဲက ပထမဆုံးအသုတ်နေနဲ့ ခြောက်ထောင်ကို ပြန်ပို့ဖို့ စီစဉ်နေတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Abdul Hassan Mahmood Ali က အောက်တိုဘာလ ခွန်ရက်နေ့က ဒက်ကာမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။ ဒုက္ခသည်တွေရဲ့ နာမည်တွေနဲ့ နေထိုင်တဲ့ရွာတွေ ကိုက်ညီမှု ရှိမရှိ မြန်မာအစိုးရကို မေးထားတယ် လို့လည်း ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်သွားတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်လာရေးမှာ နှောင့်နှေး ကြန့်ကြာ အောင် မြန်မာ နိုင်ငံဘက်က စနစ်တကျ လုပ်ဆောင်နေတယ်လို့ စွပ်စွဲချက်တွေ ထွက်ပေါ် ခဲ့ပြီး သိပ်မကြာခင် အခုလို ဒုက္ခသည် ခြောက်ထောင် ပြန်ပို့တော့မယ်ဆိုတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပြောဆိုချက် ထွက်ပေါ်လာတာပါ။
ရခိုင်ပြည်နယ်အတွင်း ဒုက္ခသည်ပြန်လည်နေရာချထားရေးဆိုင်ရာ ကော်မတီ UEHRD ရဲ့ ဒုဥက္ကဋ္ဌ လည်းဖြစ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးလည်းဖြစ်တဲ့ ဒေါက်တာ ဝင်းမြတ်အေးကတော့ အခုအထိတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ တိတိကျကျ အတည်ပြုချက် မရသေးဘူးလို့ ဆိုပါတယ်။
မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်ပြုခဲ့မယ်ဆိုရင် ပြန်လည် လက်ခံဖို့ စီစဉ်ထားတဲ့အခြေအနေကို သူက အခုလို ရှင်းပြပါတယ်။
“အကယ်၍ရောက်ရင် လုပ်ရမယ့်တာဝန်တွေလုပ်ဖို့ကတော့ အကုန် အဆင်သင့်ပေါ့နော်။ ဒီမှာ လုပ်ရမှာတွေ အကုန် လုပ်မှာပါ။ ရောက်ရင် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အကုန်ပေးမယ်။ အဝတ်တွေ ထုတ် ပေးမယ်တို့၊ စားတာတွေ သောက်တာတွေ ဆောင်ရွက်ပေးမယ်၊ နောက်ပြီး ကြားစခန်းပို့မယ်တို့ Cash for work ဆိုပြီးတော့ သူတို့ကို ပြန်ဆောက်ရမယ့်နေရာတွေ ပို့ပြီး သူတို့ဟာသူတို့ ရွက်ဖျင်တဲတွေ ကျနော်တို့ကဆောက်ပေးမယ်။ အဲဒီမှာသူတို့က သူတို့အိမ်ကို ဆောက်၊ ကျနော်တို့က ပစ္စည်းတွေ ထုတ်ပေး။ အဲဒါတွေ ကျနော်တို့လုပ်ပေးမှာ။ အဲဒီအတွက်က ကျနော်တို့အဆင်သင့်။”
မြန်မာအစိုးရဘက်က လက်ခံမယ့်အစီအစဉ် အသေးစိတ်ကို လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံခြားရေးကို ဆက်သွယ် မေးမြန်းခဲ့ပေမယ့် မရခဲ့ပါဘူး။ ဒါကြောင့် အသေးစိတ်အစီအစဉ်မသိရသေးပါဘူး။
မြန်မာ- ဘင်္ဂလာဒေ့ရှ် ၂ နိုင်ငံပူးတွဲ အလုပ်အဖွဲ့ ဆွေးနွေးပွဲကိုလည်း အောက်တိုဘာလ ၂၈ ရက်နေ့ မှာ ကျင်းပမယ့် အကြောင်းကိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Abdul Hassan Mahmood Ali က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ အိန္ဒိယအစိုးရ ဆောက်လုပ်ပေးထားတဲ့ နေရပ်ရင်းပြန်မယ့် နိုင်ငံတကာကလက်ခံ ထားတဲ့ ရိုဟင်ဂျာ တွေနေထိုင်မယ့် အိမ်တွေကို သြဂုတ်လတုန်းက ရဟတ်ယာဉ်နဲ့ သွားရောက် စစ်ဆေးခဲ့တယ်လို့ ပြောပါတယ်။ မြန်မာ အစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးကို လက်မခံပါ ဘူး။ ဒါ့အပြင် အခုဆို ဒီအိမ်တွေဟာ နေထိုင်ဖို့ အဆင်သင့်ဖြစ်နေပြီ လို့လည်းပြောပါတယ်။
အိန္ဒိယအစိုးရက ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအစီအစဉ်အတွက် ၅ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၅ သန်း အကူ အညီပေးဖို့လျာထား သလို ဒီအစီအစဉ်အရ ဌာနေပြန် ရိုဟင်ဂျာတွေ နေထိုင်ဖို့ နေအိမ် အလုံးပေါင်း ၂၅၀ ဆောက်လုပ်ပြီးစီးပြီ ဖြစ်ပါတယ်။
အိန္ဒိယက နေအိမ်တွေ စတင်ဆောက်လုပ်လာချိန်မှာ တရုတ်အစိုးရကလည်း ရိုဟင်ဂျာတွေ အတွက် နေအိမ် အလုံးပေါင်း တထောင် ဆောက်လုပ်ပေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ကမ်းလှမ်းခဲ့ပါတယ်။
ဒုက္ခသည် နေရပ်ပြန်ရေး ဘင်္ဂလားဒေရှ်မြန်မာ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာရေးခိုးအပြီး ဒါဟာ ပထမ ဆုံးပြန်ပို့မယ့် အသုတ်ဖြစ်ပါတယ်။ စတင်ဝင်ရောက်သူတွေကို တောင်ပြိုလက်ဝဲနဲ့ ငါးခူရ စခန်းတွေမှာ စိစစ်လက်ခံသွားမှာဖြစ်တယ်လို့ အစိုးရဘက်ကပြောဆိုထားပါတယ်ရှင်။
Your browser doesn’t support HTML5