မုတ်သုံရာသီ နီးကပ်လာမှုကြောင့် ရိုဟင်ဂျာ ဒုက္ခသည်အရေး AI စိုးရိမ်

Cox's Bazar ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်း

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ Cox's Bazar ဒုက္ခသည်စခန်းမှာ ထွက်ပြေးခိုလုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၆ သိန်းကျော်အတွက် မုတ်သုံရာသီရောက် လာတာကြောင့် နိုင်ငံတကာက ဝိုင်းဝန်းကူညီကြဖို့ Amnesty International က အင်္ဂါနေ့မှာ တိုက်တွန်းလိုက်ပါတယ်။ ဝါရှင်တန် ဒီစီမှာရှိတဲ့ George Washington တက္ကသိုလ်မှာ ရိုဟင်ဂျာ ဒုက္ခသည်အရေးမှတ်တမ်းတင်ထားတဲ့ ရုပ်ရှင်ပြသရာမှာ AI အဖွဲ့က အခုလို တိုက်တွန်းလိုက်ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက ပြောပြမှာပါ။

အသေထားခဲ့တယ် -မြန်မာမွတ်စလင် လူနည်းစု (Left for Dead: Myanmar’s Muslim Minority ) ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ကို တိုက်တွန်းလိုက်ပါတယ်။ ဝါရှင်တန် ဒီစီမှာရှိတဲ့ George Washington တက္ကသိုလ်မှာ မတ်လ ၂၇ ရက်နေ့က ပြသခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ စတင်နေချိန်မှာ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ၂၀၁၂ တုန်းကစပြီး လူအများအပြားသေဆုံးခဲ့တဲ့ ရခိုင်နှင့် ရိုဟင်ဂျာမွတ်စလင်တွေအကြား ပဋိပက္ခအပြင် ရိုဟင်ဂျာ ဒုက္ခသည် သောင်းနဲ့ချီပြီး ဆင်းရဲစွာ စခန်းတွေမှာ နေခဲ့ကြရတဲ့ အကြောင်းနဲ့ ရခိုင်ရိုဟင်ဂျာတွေအပေါ် လူမျိုးစုလိုက်ရှင်းလင်းဖယ်ရှားမှုလို့ Human Rights Watch လူ့အခွင့်အရေးအဖွဲ့က အမည်တပ်တဲ့ တိုက်ခိုက်မှုတွေဖြစ်ပွားအပြီး ရိုဟင်ဂျာတွေသောင်းနဲ့ချီကာ မြန်မာနိုင်ငံကနေ ထွက်ပြေးခဲ့ကြရာမှာ ဒီပြဿနာ ဖြစ်ပေါ်ခဲ့တဲ့အကြောင်းနဲ့ ရက်စက်တဲ့ လူကုန်ကူးမှုဒဏ်ကိုလည်း ခံခဲ့ရတဲ့အကြောင်း ရိုက်ကူးပြသထားတာဖြစ်ပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ မှတ်တမ်းတင်ရုပ်ရှင်ကို Gallery 102 ခေါ် အနုပညာသရုပ်ဖော်အစီအစဉ်က The World Watches ကမ္ဘာက စောင့်ကြည့်နေတဲ့ လှုပ်ရှားမှု တစိတ်တပိုင်းအဖြစ် ပြသခဲ့တာဖြစ်ပါတယ်။ မှတ်တမ်းတင်ရုပ်ရှင်ပြသအပြီး အပြန်အလှန်ဆွေးနွေးပွဲ တရပ်ကို ကြည့်ရာမှာ ပင်တိုင်ဆွေးနွေးခဲ့ကြသူတွေထဲမှာ Amnesty International က ပဋိပက္ခရေးရာ အဆင့်မြင့်ပုဂိုလ် Matthew Wells လည်းပါဝင်ပါတယ်။

Cox's Bazar ဒုက္ခသည်စခန်းမှာရိုဟင်ဂျာ ဒုက္ခသည် ၆ သိန်းကျော်ဟာ မုတ်သုံရာသီရောက် လာတာကြောင့် စိုးရိမ်ကြောင်း သူက VOA ဘင်္ဂလားဒေ့ရှ်ဌာနကို ပြောခဲ့ပါတယ်။

“အခု မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် ဘက်ကို သြဂုတ်လ ၂၅ ရက်နေ့ကစလို့ ထွက်ပြေးလာခဲ့ကြတဲ့ ရိုဟင်ဂျာ ကလေး၊ မိန်းမနဲ့ ယောင်္ကျား ဒုက္ခသည်ပေါင်း ၆ သိန်း ၇ သောင်း ကျော်ရှိပြီး အရင်က ရောက်နေတဲ့ ရိုဟင်ဂျာတွေနဲ့ ပေါင်းရင် Cox’s Bazar ဒေသမှာ ရိုဟင်ဂျာ ၉ သိန်းလောက် ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတော့ လူသားချင်းစာနာမှု လိုအပ်ချက်တွေက ကြီးမားလှပါတယ်။

သောက်သုံးရေသန့်ရရှိရေး၊ ကျန်းမာရေး ပြုစုစောင့်ရှောက်မှု၊ စတာတွေနဲ့ ပတ်သက်လို့ လုပ်ဆောင်စရာတွေက အများကြီး ရှိပါတယ်။ အထူးသဖြင့် မုတ်သုန် မိုးရာသီ ကျရောက်ချိန်က နီးလာပြီမို့ အခြေနေကို ပိုပြီး ဆိုစေနိုင်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာ အဖွဲ့အစည်း အနေနဲ့ ဘင်္ဂလားဒေ့ရှ်မှာ မိုးရာသီကြောင့် လူသားချင်းစာနာမှု ဘေးဒုက္ခကြီး အခြေအနေ ထပ်ပြီးမဆိုးရလေအောင် အရေးယူ ဆောင်ရွက်မှုတွေ ထပ်လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။”

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအာဏာပိုင်တွေကြား ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဌာနေပြန်လက်ခံရေး အစီအစဉ်ကို စတင်လုပ်ဆောင်နေပြီဖြစ်ပေမယ့် စိုးရိမ်မကင်းဖြစ်မှုတွေရှိတဲ့အတွက်ကြောင့် အချိန်မတန်သေးဘူးလို့ အခုလိုပြောပါတယ်။

“လက်ရှိမှာ ရိုဟင်ဂျာတွေကို ဌာနေပြန်ပို့ နိုင်ရေးမှာ အချိန်မကျသေးဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဖေဖေါ်ဝါရီလက ကျနော် ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိစဉ် နေ့စဉ်ပဲ မြန်မာနိုင်ငံကနေ ထွက်ပြေး လာသူတွေ ရှိနေတာကို တွေ့ခဲ့ရပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံမှာ ချိုးဖေါက်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။ မြန်မာစစ်တပ်က လူတွေကို အငတ်ဘေးကြုံအောင် လုပ်တဲ့ အထောက်အထားတွေ ကျနော်တို့မှာ ရှိပါတယ်။

ဒ့ါကြောင့် ဘင်္ဂလားဒေ့ရှ်ကို သူတို့ ထွက်ပြေးနေကြတာပါ။ ထွက်ပြေးနေကြသူတွေ ရှိနေတဲ့ အပြင် ချိုးဖေါက်မှုတွေပါ ဆက်ရှိနေတဲ့ အတွက် ရိုဟင်ဂျာတွေ ဌာနေပြန်နိုင်ရေးဟာ အချိန်မတန်သေးပါဘူး။ အကြမ်းဖက်မှုဖြစ်ပွါးနေတဲ့ အခြေခံ အကြောင်းရင်းတွေကို ဖြေရှင်းဖို့ လိုပါတယ်။ ခွဲခြားဆက်ဆံမှု ဖြစ်နေတာ ကြာပြီဖြစ်သလို ပြီးခဲ့တဲ့ ၆ လ ၇ လ အတွင်း စစ်တပ်က ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူတာ မတွေ့ရပါဘူး။ အဲဒါတွေကို အရေးယူမှပဲ ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံစွာ ပြန်နိုင်ရေးကို စဉ်းစားနိုင်မှာ ဖြစ်ပါတယ်။”

မုတ်သုံရာသီကျရောက် လာဖို့နီးပြီဖြစ်တဲ့အတွက်ကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေကို အကူအညီပေးဖို့ Amnesty International က အခုလို အကူအညီတောင်းခံနေတဲ့အချိန်မှာ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဘက်ကတော့ Cox’s Bazar မှာ ရိုဟင်ဂျာတွေပြည့်ကျပ်နေပြီး ၂ နိုင်ငံ ဌာနပို့နိုင်မယ့် အစီအစဉ်တွေလည်း ကြန့်ကြာနေတဲ့အတွက်ကြောင့် ပြည်မနဲ့ ၂၁ မိုင်အကွာမှာရှိတဲ့ Bhasan Char လို့ခေါ်တဲ့ ကျွန်းမှာ အိုးအိမ်အသစ်တွေ ဆောက်လုပ်ပေးကာ မုတ်သုံခံနိုင်အောင်လို့ ပြင်ဆင်ဖို့ ဘင်္ဂလားဒေ့ရှ်ဘက်က စီစဉ်နေကြောင်း ခန့်မှန်းချေ ဒေါ်လာ သန်း ၂၂၀ ကျဖွယ်ရှိကြောင်းလည်းဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာန ပြည်နယ်ရေးရာ ဝန်ကြီး Mohammed Shahriar Alamက သောကြာနေ့က သတင်းမီဒီယာကို ပြောခဲ့ပါတယ်။ ကုလသမဂ္ဂ ကတော့ ဒုက္ခသည်တွေအတွက် အရေးပေါ် အကူအညီငွေဟာ ဒေါ်လာ ၉၅၀ သန်း လိုအပ်နေတယ်လို့ သီးခြားမေတ္တာရပ်ခံထားပါတယ်။

Your browser doesn’t support HTML5

မုတ်သုံရာသီ နီးကပ်လာမှုကြောင့် ရိုဟင်ဂျာ ဒုက္ခသည်အရေး AI စိုးရိမ်