လူမျိုးတုံးသတ်ဖြတ်မှု တာဝန်ရှိ မြန်မာတွေကို အရေးယူဖို့ ကုလကြိုးပမ်း

မောင်တောအတွင်း နယ်မြေရှင်းလင်းရေးလုပ်စဉ်

ရိုဟင်ဂျာမူဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအဆင့်ထိကျူးလွန်တယ်ဆိုတဲ့ သက်သေခံအထောက်အထားတွေ ရနိုင်အောင် စုဆောင်းဖို့ကုလသမဂ္ဂဘက်က စီစဉ်နေပါတယ်။

ကုလသမဂ္ဂရဲ့လူမျိုးတုံးသတ်ဖြတ်မှုဟန့်တားရေး ဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Adama Dieng က တရားဥပဒေအရစုံစမ်းစစ်ဆေးမှုလုပ်ဆောင်တဲ့အနေနဲ့ သက်သေခံ အထောက် အထားတွေကိုရှာဖွေစုဆောင်းသွားမှာလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဌ Kazi Reazul Hoqueနဲ့ မြို့တော် ဒါကာမှာ တနင်္ဂနွေနေ့က တွေ့ဆုံခဲ့ကြတုန်း ကပြောခဲ့ တာပါ။ မြန်မာစစ်တပ်က ရိုဟင်ဂျာမူဆလင်တွေကို လူမျိုးတုန်းသတ်ဖြတ်မှုအဆင့်ထိ ကျူးလွန်တဲ့လုပ်ရပ်တွေ ရှိခဲ့ကြောင်း သက်သေပြနိုင်မယ့်အထောက်အထားတွေကို ရှာဖွေစုဆောင်းမှာဖြစ်တယ်လို့ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ တရားဥပဒေဆိုင် ရာစုံစမ်းစစ်ဆေးရေးအဖွဲ့တခုကို မြန်မာပြည်ကိုစေလွှတ်ဖို့လိုအပ်ပြီး၊ တကယ်လို့ ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ ခိုင်လုံတဲ့အထောက်အထားသတ်မှတ်ချက်ငါးခုထဲမှာဘောင်ဝင်တယ်ဆိုရင် ပြစ်မှုကျူးလွန်သူတွေကို တရားဥပဒေအရ အရေးယူနိုင်တယ်လို့ ကုလသမဂ္ဂရဲ့အထူးအကြံပေးပုဂ္ဂိုလ်က သူ့ကိုရှင်းပြခဲ့တဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် လူ့အခွင့် အရေးကော်မရှင်ဥက္ကဌက သတင်းထောက်တွေကိုပြောခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ သက်သေခံအထောက် အထားရှာဖွေ ရေးအဖွဲ့ကို ရခိုင်ပြည်နယ်အတွင်းလာခွင့်ပေး မပေးဆိုတာကတော့ မြန်မာအစိုးရအပေါ်မှာမူတည်တယ် လို့လည်းဆိုပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာအကြမ်းဖက်မှုတွေဖြစ်ပွါးခဲ့တဲ့ ပြီးခဲ့တဲ့နှစ်သြဂုတ်လ၂၅ရက်နောက်ပိုင်း က စလို့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ရခိုင်ပြည်နယ်အတွင်းသွားရောက်ရေး မြန်မာအစိုးရကငြင်းပယ်ထားတာပါ။ တကယ်လို့ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားတယ်ဆိုရင် ရဝမ်ဒါနဲ့ကိုဆိုဗိုနိုင်ငံတွေ ကြုံခဲ့ရသလို မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ တခြားအပစ်ရှိ သူတွေ ICC လို့ခေါ်တဲ့ နိုင်ငံတကာခုံရုံးကိုတက်ရမယ့်သဘောတွေရှိနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ် အမျိုး သားလူ့အခွင့် အရေးကော်မရှင်ဥက္ကဌ Kazi Hoque ကပြောပါတယ်။

Your browser doesn’t support HTML5

လူမျိုးတုံးသတ်ဖြတ်မှု တာဝန်ရှိ မြန်မာတွေကို အရေးယူဖို့ ကုလကြိုးပမ်း