မြန်မာနိုင်ငံက လူနည်းစု ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့နဲ့ တန်းတူအခွင့်အရေးပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းထားတဲ့ ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံက ချမှတ်လိုက်ပါတယ်။
အဲဒီမူဆလင်လူနည်းစုတွေအပေါ် မြန်မာအစိုးရရဲ့ ပြုမူဆက်ဆံပုံကို အထူးစိုးရိမ်တဲ့အကြောင်း တနင်္လာနေ့က ချမှတ်တဲ့ အထွေထွေညီလာခံ ဆုံးဖြတ်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်မှာ လူအုပ်စုအသိုင်းအဝိုင်း ၂ ခုကြား ၂၀၁၂ ခုနှစ်က ပဋိပက္ခတွေ ဖြစ်ပွားပြီးနောက်ပိုင်းမှာ ရိုဟင်ဂျာ ၁ သိန်းခွဲလောက်ဟာ စုတ်ပြတ်နေတဲ့ ဒုက္ခသည်စခန်းတွေမှာ ကျပ်သိပ်နေထိုင်နေကြရတာပါ။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတာကို အသိအမှတ်မပြုဘဲ သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ တရားမဝင် ဝင်လာသူတွေဖြစ်တယ်လို့ ဒေသခံအများအပြားနဲ့ အစိုးရတာဝန်ရှိသူတွေက ပြောကြပါတယ်။
အဲဒီမူဆလင်တွေကို နိုင်ငံသားအဖြစ် အပြည့်အ၀ အသိအမှတ်ပြုဖို့နဲ့ အစိုးရက ခိုင်ခိုင်မာမာ ပြောနေသလို ဘင်္ဂါလီတွေအဖြစ် မဟုတ်ဘဲ ရိုဟင်ဂျာအဖြစ် သူတို့ကိုယ်သူတို့ ဖော်ပြတာကို ခွင့်ပြုဖို့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်က တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ကူညီထောက်ပံ့မှုတွေကို တန်းတူညီမျှပေးဖို့နဲ့ သူတို့လူမှုအဝန်းအဝိုင်းတွေဆီ အစိုးရရဲ့ အကာအကွယ်နဲ့ ပြန်သွားခွင့်ပြုဖို့ကိုလည်း ကုလသမဂ္ဂက မြန်မာအစိုးရကို တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာတဲ့ စစ်ဘက်က နိုင်ငံရေးအာဏာတချို့ကို ဖြေလျှော့လိုက်ချိန်ကတည်းကစပြီး ဖော်ဆောင်နေတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ရည်ညွှန်းပြီးတော့ အပြုသဘောဆောင်တဲ့ ဖြစ်ထွန်းတိုးတက်မှုတွေ ဆက်ဖြစ်နေတာကိုလည်း ကုလသမဂ္ဂ ဆုံးဖြတ်ချက်ထဲမှာ မှတ်ချက်ပြု ဖော်ပြထားပါတယ်။
အခု အထွေထွေညီလာခံရဲ့ဆုံးဖြတ်ချက်ဟာ မဖြစ်မနေ လိုက်နာလုပ်ဆောင်ရမယ့် ဆုံးဖြတ်ချက်တော့ မဟုတ်ပါဘူး။