ဗြိတိန်မင်းသား William ဝါရှင်တန်မြို့တော် အလည်ရောက်

ဗြိတိသျှ တော်ဝင်မင်းသား ဝီလျံနဲ့ အမေရိကန်သမ္မတအိုဘားမားတို့ အိမ်ဖြူတော်မှာ တွေ့ဆုံစဉ်။ (ဒီဇင်ဘာ ၈၊ ၂၀၁၄)

ဗြိတိသျှတော်ဝင်မင်းသား ဝီလျှံဟာ ပထမဆုံးအကြိမ်အဖြစ် မြို့တော်ဝါရှင်တန်ကို တနင်္လာနေ့မှာ ရောက်ရှိလာပါတယ်။ အနာဂတ်မှာ အင်္ဂလန်နိုင်ငံရဲ့ ဘုရင်အရိုက်အရာကို ဆက်ခံဖို့ရှိနေတဲ့ မင်းသားဝီလျှံက ကမ္ဘာ့တောရိုင်းတိရစ္ဆာန် တရားမဝင်ကုန်ကူးမှုကို တိုက်ဖျက်ဖို့ တောင်းဆိုသွားပါတယ်။

မင်းသားဝီလျှံဟာ အမေရိကန်သမ္မတ ဘာရက်အိုဘားမားကို အိမ်ဖြူတော်မှာ သွားရောက်တွေ့ဆုံခဲ့ပြီး တောရိုင်းတိရစ္ဆာန်ကုန်သွယ်မှုမှာ ပါဝင် ပတ်သက်နေတဲ့ ကျယ်ပြန့်တဲ့ ဥပဒေမဲ့လုပ်ရပ်တွေအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီနောက် မင်းသားဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး ကမ္ဘာ့ဘဏ် ညီလာခံမှာ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

သူနဲ့အတူ ကြင်ယာတော်ကိတ်နဲ့ ညီဖြစ်သူ မင်းသားဟယ်ရီတို့ တည်ထောင်ထားတဲ့ ဗြိတိန်နိုင်ငံက တောရိုင်းတရိစ္ဆာန် စောင့်ရှောက်ရေး ညီညွတ်မှု အသင်းဟာဆိုရင် လေကြောင်းကနေ ရေကြောင်းလိုင်းတွေအထိပါဝင်တဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေကို စစ်ဆေးမှုအသစ်တွေ ပြုလုပ်တဲ့နေရာမှာ ဦးဆောင်လုပ်ကိုင်နေတယ်လို့ မင်းသားဝီလျှံက ပြောပါတယ်။

ဒီလိုလုပ်ဆောင်တာဟာ တရားမဝင် တောရိုင်းတိရစ္ဆာန်ကုန်ကူးမှုမှာ ပစ္စည်းတင်ပို့သူတွေနဲ့ ဝယ်ယူသူတွေကြား ဆက်သွယ်မှုကို ဖြတ်တောက်တာဖြစ်တယ်လို့ မင်းသား ဝီလျှံက ပြောပါတယ်။

မင်းသားဝီလျှံ ဝါရှင်တန်မှာရောက်နေစဉ်အတွင်း ဒုတိယရင်သွေး ကိုယ်ဝန်ဆောင်ထားတဲ့ သူ့ရဲ့ကြင်ယာတော်ကိတ်ဟာ နယူးယောက်မြို့တော်ဝန် Bill de Blasio ရဲ့ ဇနီး Chirlane McCray နဲ့အတူ နယူးယောက် ကလေးသူငယ် ဖွံ့ဖြိုးရေးစင်တာကို သွားရောက် လည်ပတ်ခဲ့ကြပါတယ်။

ဒီခရီးစဉ်ဟာ တော်ဝင်မင်းသားနဲ့ ကြင်ယာတော်တို့ရဲ့ ၂၀၁၁ ခုနှစ်နောက်ပိုင်း ပထမဆုံး အမေရိကန်ခရီးစဉ်ဖြစ်ပါတယ်။ တော်ဝင်ဇနီးမောင်နှံတို့ဟာ နယူးယောက်ကို တနင်္ဂနွေနေ့က ဆိုက်ရောက်ခဲ့ပြီး သုံးရက်ကြာ အမေရိကန်ခရီးစတင်ခဲ့တာဖြစ်ပါတယ်။