ရုရှားသံအမတ်ကြီး တူရကီမှာ လုပ်ကြံခံရ

ရုရှားသံအမတ်ကြီး ကို ပစ်သတ်လိုက်တဲ့ သေနတ်သမား Mevlut Mert Altintas

တူရကီနိုင်ငံ Ankara မြို့မှာ တနင်္လာနေ့ညပိုင်းက တာဝန်ချိန်ပြင်ပရောက် ရဲတပ်ဖွဲ့ဝင်တဦးလို့ ယုံကြည်ရသူ တယောက်ရဲ့ ပစ်ခတ်မှုကြောင့် တူရကီနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး သေဆုံးသွားပါတယ်။

ပစ်ခတ်ခံရချိန်မှာ သံအမတ်ကြီး Andrey Karlov ဟာ ပြခန်းဖွင့်ပွဲ အခမ်းနားတခုမှာ မိန့်ခွန်းပြောကြားနေပြီး အခမ်းနားဝတ်စုံ ဝတ်ဆင်ထားသူ တဦးက မိန့်ခွန်းပြောကြားတဲ့ စင်နားကို ချင်းကပ်လာပြီး သေနတ်နဲ့ ပစ်ခတ် သွားတာဖြစ် ပါတယ်။

အခမ်းနားကို ရိုက်ကူးနေတဲ့ ဗီဒီယိုထဲမှာ ဖြစ်ပျက်သွားတဲ့ အခြေနေအားလုံးကို တွေ့ရပါတယ်။ သေနတ်သမားက အလာဟူ အဂ္ဂဘာ (အလာအရှင်မြတ်သာလျှင် ကြီးမြတ်တယ်) လို့ အာရပ်လာသာနဲ့ အော်ဟစ်ပြီး ရုရှားတွေက ဆီးရီးယားမှာ အပစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ အတွက် ဒဏ်ခတ်တာဖြစ်ကြောင်း ပြောပါတယ်။

သူက သေနတ်ကို မျက်နှာကျက်ရှိရာ အပေါ်ထောင်ထားပြီး ပရိသတ်ကို အော်ဟစ်ပြောဆိုနေချိန်မှာ သံအမတ်ကြီးက သေနတ်ဒဏ်ရာနဲ့ ကြမ်းပြင်ပေါ်မှာ လဲနေတာကို တွေ့ကြရပါတယ်။

"ကျုပ်တို့ တိုင်းပြည်တွေ လုံခြုံမှုမရှိသေးသမျှ ခင်ဗျားတို့လည်း လုံခြုံမှု ရှိမှာ မဟုတ်ဘူး။ အလက်ပိုကို မမေ့ကြပါနဲ့၊ ဆီးရီးယားကို မမေ့ကြပါနဲ့ " လို့ သေနတ်သမားက အော်ဟစ်ပြောဆိုခဲ့ကြောင်း မျက်မြင်သက်သေတယောက်က VOA ကိုပြောပါတယ်။

လုံခြုံရေးအရာရှိတွေက သေနတ်သမားကို ပစ်မသတ်ခင်မှာ တခြားလူသုံးဦးလည်း ဒဏ်ရာတွေ ရရှိသွားခဲ့ပါတယ်။ သံအမတ်ကြီး Karlov ကတော့ ဆေးရုံ မှာ သေဆုံးသွားခဲ့တာပါ။ သူဟာ တူရကီနိုင်ငံမှာ ၂၀၁၃ ခုနှစ် ကတည်းက ရုရှားသံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

သေနတ်သမားဟာ အသက် ၂၂ နှစ်အရွယ် Mevlut Mert Altintas ဆိုသူ ရဲတပ်ဖွဲ့ဝင်ဖြစ်ကြောင်း အန်ကာရာ မြို့ဝန်က ပြောပါတယ်။ ဒီသတ်ဖြတ်မှုကို ရုရှား သမ္မတ Vladimir Putin က ပစ်တင် ဝေဖန်လိုက်ပြီး ဒါဟာ အကြမ်းဖက်လုပ်ရပ် ဖြစ်တယ်လို့ ပြောဆိုပါတယ်။

Your browser doesn’t support HTML5

ရုရှားသံအမတ်ကြီး တူရကီမှာ လုပ်ကြံခံရ