ရုရှား လက်နက်ကုန်သည် အမေရိကန် လွှဲပေးရေး ရွှေ့ဆိုင်း

လက်နက်မှောင်ခို ကုန်သည်အဖြစ် စွပ်စွဲခံထားရတဲ့ ရုရှားနိုင်ငံသား ဗစ်တာ ဘောက် (Viktor Bout) ကို ထိုင်းနိုင်ငံကနေ အမေရိကန် ပြည်ထောင်စုကို လွှဲပြောင်းပေးအပ်မယ့်ကိစ္စ ပေါ်ပေါက်လာတဲ့ တရားဥပဒေဆိုင်ရာ ရှုပ်ထွေးမှုတွေ ပြေလည်တဲ့အထိ ထိုင်းအစိုးရက ဆိုင်းထားလိုက်ပါတယ်။

ကမ္ဘာတလွှားမှာ သူကျူးလွန်ခဲ့တဲ့ လက်နက်မှောင်ခိုမှု ကိစ္စတွေကြောင့် သူ့ကို သေမင်းကို ရောင်းစားသူလို့ ကင်ပွန်းတပ်ခံရပြီး အသက် ၄၃ နှစ်အရွယ် မစ္စတာဘောက်ဟာ အမေရိကန် အာဏာပိုင်တွေလက်ထဲ လွှဲပြောင်း ပေးအပ်ခံရပြီး ဗုဒ္ဓဟူးနေ့ ဒီနေ့မှာပဲ အမေရိကန် ပြည်ထောင်စုကို ပို့ဆောင်ခံရမယ်လို့ ထိုင်းရဲက ဒီသီတင်းပတ် အစောပိုင်းတုန်းကပဲ ပြောခဲ့ပါတယ်။

ဒါပေမဲ့ မစ္စတာဘောက်ကို အမေရိကားကို မပို့ဆောင်ခင်မှာ လုပ်ဆောင်စရာ ဥပဒေပိုင်းဆိုင်ရာ ကိစ္စတွေ အများကြီး ရှိသေးတယ်လို့ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ဂျာဂျီ၀ (Abhisit Vejjajiva) က သတင်းထောက်တွေကို ပြောသွားပါတယ်။

ရုရှားလေတပ် အရာရှိ မစ္စတာဘောက်ကို ငွေဖြူ ငွေမည်း ခဝါချမှု၊ မသမာတဲ့နည်းနဲ့ ငွေလွှဲပြောင်းမှုတွေနဲ့ စွပ်စွဲပြီး အမေရိကန် ပြည်ထောင်စုက ဒုတိယတမှု အဖြစ်နဲ့ တရားစွဲထားတာအပေါ် မူတည်ပြီး အခုလို ကြန့်ကြာမှု ဖြစ်ရတယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။

လက်နက်မှောင်ခိုကူးမှု စွဲချက်တွေကို ရင်ဆိုင်ရဖို့အတွက် အမေရိကန် ပြည်ထောင်စုကို သူ့ကို မပို့ဆောင်ခင်မှာ ပထမ စွဲချက်တင်ထားတဲ့ ငွေစက္ကူအမှုတွေကို အမေရိကန် အာဏာပိုင်တွေက ပလပ်ပေးရင်ပေး၊ ဒါမှမဟုတ်လည်း ဒီအမှုနဲ့ ပတ်သက်ပြီး ထိုင်းတရားရုံးက စဉ်းစားရမယ်လို့ ထိုင်းအရာရှိတွေက ပြောပါတယ်။