ဘူတာရုံကို ဒုံးကျည်နဲ့တိုက်ခိုက်မှု ယူကရိန်းနဲ့မဟာမိတ်တွေ ပြစ်တင်ရှုတ်ချ

Ukrainian servicemen stand next to damaged cars after Russian shelling at the railway station in Kramatorsk, Ukraine, April 8, 2022.

ယူကရိန်းနိုင်ငံမှာ လူအစုအဝေးလိုက်ရှိနေတဲ့ ရထားဘူတာရုံတခုကို ဒုံးကျည်နဲ့တိုက်ခိုက်တာကြောင့် လူအများအပြား သေဆုံး ဒဏ်ရာရခဲ့တာဟာ ရုရှားလက်ချက်ဖြစ်တယ်ဆိုပြီး ယူကရိန်းနဲ့ မဟာမိတ်တွေက ပြစ်တင်ရှုတ်ချနေကြပါတယ်။

နိုင်ငံအရှေ့ပိုင်းက Kramatorsk မြို့ ရထားဘူတာရုံကို တိုက်ခိုက်မှုကြောင့် ကလေးငါးဦးအပါအဝင် လူပေါင်း ၅၂ ယောက်ထက် မနည်း သေဆုံးပြီး ၈၇ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်း၊ မီးရထားသယ်ယူပို့ဆောင်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီဘူတာရုံဟာ တိုက်ပွဲတွေဘေးကနေ အရပ်သားတွေကိုကယ်ထုတ်ဖို့ အသုံးပြုနေတဲ့ ဘူတာရုံ ဖြစ်ပါတယ်။

အဲဒီလုပ်ရပ်ဟာ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုဖြစ်တယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ပြောပါတယ်။

အမေရိကန်သမ္မတ Joe Biden က ရထားဘူတာရုံကို တိုက်ခိုက်တာဟာ “ရုရှားကကျူးလွန်တဲ့ ဆိုးရွားရက်စက်တဲ့ နောက်ထပ် သတ်ဖြတ်မှု” ဖြစ်တယ်လို့ Twitter မှာရေးပါတယ်။ ဗြိတိန်ကာကွယ်ရေးဝန်ကြီး Ben Wallace က “အရပ်သားတွေနဲ့ အရေးပါတဲ့ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုတခုဖြစ်တယ်” လို့ ပြောပါတယ်။

ရထားဘူတာရုံနဲ့ တခြားတိုက်ခိုက်မှုတွေကို “လုံးဝ လက်ခံနိုင်စရာမရှိဘဲ” “လူသားစာနာမှုဆိုင်ရာနဲ့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေတွေကို ဆိုးရွားစွာ ချိုးဖောက်တာဖြစ်ပြီး ကျူးလွန်သူတွေ ကိုယ့်လုပ်ရပ်ကိုယ် တာဝန်ခံမှုရှိအောင် လုပ်ရမယ်’ လို့ ကုလသမဂ္ဂက ပြောပါတယ်။

ဘူတာရုံကိုတိုက်ခိုက်တာ သူတို့လက်ချက်မဟုတ်ဘဲ ယူကရိန်းလက်ချက်ဖြစ်တယ်လို့ ရုရှားက ပြန်ပြီး စွပ်စွဲထားပါတယ်။ တိုက်ခိုက်မှုမှာသုံးခဲ့တဲ့ Tochka-U ဒုံးကျည်မျိုးကို သူတို့မသုံးဘူးဆိုပြီး ရုရှားက ငြင်းထားတာပါ။

==Unicode===





