ဆောင်းရာသီအိုလံပစ် အကြမ်းဖက်သမား ခြိမ်းခြောက်

ရုရှားနိုင်ငံ Sochi မှာ ရှေ့လထဲ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်ပွဲတော်နဲ့ ပတ်သက်ပြီး အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်တဲ့ စာတွေကို လက်ခံရရှိခဲ့တယ်လို့ ဥရောပနိုင်ငံ အတော်များများက အိုလံပစ်ကော်မတီတွေက ပြောပါတယ်။

ဟန်ဂေရီ၊ ဂျာမဏီ၊ အီတလီနဲ့ Slovenia အိုလံပစ်ကော်မတီတွေက လာမယ့် ဆောင်းရာသီ အိုလံပစ်ပွဲတော်မှာ ကစားဖို့ သွားရောက်မယ့် သူတို့ရဲ့ အားကစားသမားတွေအတွက် ခြိမ်းခြောက်စာတွေကို ရခဲ့တယ်လို့ ဆိုပါတယ်။ တချို့က လက်ရေးစာတွေဖြစ်ပြီး ကျန်တာတွေကတော့ အီးမေးလ်ကနေ လာတာဖြစ်ပြီး ရုရှားဘာသာနဲ့ အင်္ဂလိပ်ဘာသာတွေနဲ့ ရေးပို့တာလို့ ဆိုပါတယ်။

ဟန်ဂေရီ အိုလံပစ်ကော်မတီရဲ့ နိုင်ငံတကာဆက်ဆံရေး ဒါရိုက်တာ Zsigmond Nagy ကတော့ IOC နိုင်ငံတကာ အိုလံပစ်ကော်မတီကရော၊ ရုရှားအိုလံပစ်ကော်မတီကပါ သူတို့ ဟန်ဂေရီကော်မတီက ရခဲ့တဲ့စာကို စစ်ဆေးခဲ့ပြီး ဒီစာတွေဟာ အစစ်မဟုတ်ဖူးလို့ သတ်မှတ်ကြောင်း ရိုက်တာသတင်းဌာနကိုပြောပါတယ်။

တနင်္ဂနွေနေ့တုန်းကလည်း ရုရှားနိုင်ငံက မူဆလင်အများစုနေထိုင်ရာ Dagestan က အစ္စလာမ်စစ်သွေးကြွအဖွဲ့က ဒီအိုလံပစ်ပွဲတော်ကို တိုက်ခိုက်မှာဖြစ်ကြောင်း ကွန်ပြူတာ အွန်လိုင်းကနေ ဗွီဒီယိုခွေတင်ပြီး ခြိမ်းခြောက်ခဲ့ပါတယ်။ သူတို့ တင်ထားတဲ့ အခွေထဲမှာ ပြီးခဲ့တဲ့လတုန်းက လူပေါင်း ၃၄ ယောက် သေဆုံးခဲ့ရတဲ့ Volgograd မြို့ တိုက်ခိုက်မှုမှာ အသေခံဗုံးခွဲသူ ၂ ဦးရဲ့ လှုပ်ရှားမှုတွေကို ပြသထားတာပါ။ ဒီဗွီဒီယိုခွေဟာ အစစ် ဟုတ် မဟုတ်တော့ သေသေချာချာ မသိရသေးပါဘူး။

တချိန်ထဲမှာပဲ ရုရှားရဲတွေက အသေခံဗုံးဖောက်ခွဲ တိုက်ခိုက်သူ ၃ ဦးကို ဆက်လက် ရှာဖွေနေကြပြီး ဒီအထဲမှာ Sochi ဝန်းကျင်မှာ ချထားတဲ့ လုံခြုံရေးရဲတွေကို ထွင်းဖောက်ပြီး တိုက်ခိုက်နိုင်ခဲ့တယ်လို့ ယူဆရတဲ့ အသေခံဗုံးခွဲသူ အမျိုးသမီးတဦးပါ ပါပါတယ်။

သူဟာ Dagestan က ကွယ်လွန်သူ အစ္စလာမ်စစ်သွေးကြွတဦးရဲ့ ဇနီးဖြစ်ပြီး သူ့ဓာတ်ပုံကို ရဲတွေက လိုက်ဝေပြီး ရှာနေတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။