ရုရှားအတိုက်အခံခေါင်းဆောင် Alexei Navalny ကို မော်စကိုမြို့တော်မှာ ဖမ်းဆီးလိုက်ပါတယ်။ သမ္မတ ဗလာဒီမီယာ ပူတင်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေလုပ်မှုနဲ့ ပထမတခါ ဖမ်းဆီးခံရတာကနေ ပြန်လွတ်လာတာ နှစ်လပဲကြာပြီးတဲ့နောက် အခု ထပ်အဖမ်းခံ ရတာပါ။
ဘာ့ကြောင့်ဖမ်းဆီးတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမရှိဘဲ Danilovsky ရဲစခန်းမှာ သူ့ကို ချုပ်ထားတယ်လို့ Navalny ရဲ့ပြောခွင့်ရ အမျိုးသမီးက စနေနေ့မှာပြောပါတယ်။
သမ္မတပူတင်အစိုးရကို ဆန့်ကျင်ဆန္ဒပြပွဲတွေ မော်စကိုမြို့တော်နဲ့ “တခြား မြို့ကြီး ၁၀၀ နီးပါး” မှာ စက်တင်ဘာလ ၉ ရက်နေ့ကျ ရင် လုပ်မယ်လို့ Navalny က စနေနေ့မှာပဲ သူ့ရဲ့ ဘလော့ဂ်မှာ ရေးပါသေးတယ်။ အငြိမ်းစားယူနိုင်တဲ့ အသက်အရွယ်ကို ပြင်ဆင် မယ့် သမ္မတပူတင်ရဲ့ အစီအစဉ်ကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဆန္ဒပြပွဲတွေလုပ်မှာပါ။
စက်တင်ဘာလ ၉ ရက်နေ့ဟာ မော်စကိုမြို့တော်ဝန် ရွေးကောက်ပွဲ လုပ်မယ့်နေ့လည်းဖြစ်ပါတယ်။
အာဏာပိုင်တွေက Navalny ကို ဖမ်းလိုက်တာဟာ ဆန္ဒပြပွဲတွေလုပ်မယ့် အစိအစဉ်နဲ့ ဆက်စပ်နေနိုင်တယ်လို့ သူ့ရဲ့ပြောခွင့်ရ Kira Yarmysh က Ekho Moskvy ရေဒီယိုသတင်းဌာနကို ပြောပါတယ်။
Navalny ဟာ အစိုးရကိုအတိုက်အခံလုပ်တဲ့ လှုပ်ရှားမှုတွေကြောင့် တရားစွဲခံရတာ အများအပြားရှိဖူးပါတယ်။ အဲဒီလို သူ့ရဲ့ ရာဇဝတ်ပြစ်မှု နောက်ခံမှတ်တမ်းကြောင့်ပဲ ပြီးခဲ့တဲ့မတ်လကကျင်းပတဲ့ သမ္မတရွေးကောက်ပွဲမှာ ဝင်ပြိုင်ခွင့်မရဘဲ ပိတ်ပင် ကန့်သတ်ခံရတာပါ။
Your browser doesn’t support HTML5
ရုရှား အတိုက်အခံခေါင်းဆောင်ကို လွှတ်ပြီး ၂ လအကြာ ထပ်မံဖမ်းဆီး