ဆီးရီးယားက ရုရှားတပ်တွေဆုတ်ခွာဖို့ Putin အမိန့်ပေး

ရုရှားသမ္မတ Vladimir Putin နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံနေစဉ်။

ဆီးရီးယားနိုင်ငံအတွင်းမှာ ရှိနေတဲ့ ရုရှားတပ်ဖွဲ့တွေ ပြန်လည် ရုပ်သိမ်းဖို့ သမ္မတ Vladimir Putin က အမိန့်ထုတ်ပြန်လိုက်ပါတယ်။

ကုလသမဂ္ဂက ကြားဝင်ဆောင်ရွက်ပေးတဲ့ ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဂျနီဗာမြို့မှာ စတင်တဲ့နေ့မှာပဲ အဲဒီလို တပ်ဖွဲ့တွေ ရုပ်သိမ်းမယ့်အမိန့် ထွက်လာတာပါ။

ဆီးရီးယားနိုင်ငံအတွင်း ရုရှားတပ်ဖွဲ့တွေ လုပ်ဆောင်ဖို့ ပေးအပ်ထားတဲ့ တာဝန်ဟာ ပြီးမြောက်သွားပြီဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး Sergei Shoigu နဲ့ နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့ကို သမ္မတပူတင်က တနင်္လာနေ့မှာ ပြောကြားခဲ့ကြောင်း သတင်းမီဒီယာတွေမှာ ကိုးကား ဖော်ပြကြပါတယ်။

လုပ်ငန်းတာဝန်တွေ ပြီးမြောက်သွားပြီဖြစ်တဲ့အတွက် အင်္ဂါနေ့ကစပြီး ဆီးရီးယားအာရပ်သမ္မတနိုင်ငံအတွင်းမှာ ရှိနေကြတဲ့ ရုရှားတပ်ဖွဲ့ အများစုကို ပြန်လည်ရုပ်သိမ်းဖို့ သူ့အနေနဲ့ အမိန့်ထုတ်ပြန်လိုက်ကြောင်း ဝန်ကြီးတွေကို သမ္မတပူတင်က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဆီးရီးယားနိုင်ငံအတွင်းက ရုရှားလေတပ်အခြေစိုက်စခန်းမှာ ရှိနေကြတဲ့ အဓိက အစိတ်အပိုင်းတွေကို ပြန်လည် ရုပ်သိမ်းမှာဖြစ်ကြောင်း သမ္မတ ပူတင်က ဆီးရီးယားသမ္မတ Bashar al-Assad ကို တယ်လီဖုန်းနဲ့ ပြောကြားခဲ့တယ်လို့ ရုရှားသမ္မတရုံး အင်တာနက် ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ဆီးရီးယားအစိုးရကတော့ ရုရှားတပ်ဖွဲ့တွေ ပြန်လည်ရုပ်သိမ်းမယ့်ကိစ္စကို သမ္မတ အာဆဒ်က သဘောတူကြောင်း၊ ဒါပမေယ့် လေတပ်ကြီးတခုလုံး တပြိုင်ထဲ ပြန်လည်ရုပ်သိမ်းမှာမဟုတ်ဘူးလို့ ရုရှားဖက်က သူတို့ကို ကတိပြုထားကြောင်း ပြောပါတယ်။