ရုရှား Pussy Riot အဖွဲ့ဝင်တွေ ပြန်လွှတ်

ရုရှားတီးဝိုင်း Pussy Riot အဖွဲ့ဝင် Nadezhda Tolokonnikova (ဝဲ) နဲ့ Maria Alyokhina (ယာ) (ဒီဇင်ဘာ ၂၃၊ ၂၀၁၃)

ရုရှားနိုင်ငံမှာ နိုင်ငံရေးဆန္ဒပြမှုနဲ့ ဖမ်းဆီးထိမ်းသိမ်းထားခဲ့တဲ့ Pussy Riot တေးဂီတအဖွဲ့သားတွေကို ရုရှားအစိုးရက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်ပြီး လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။

နာဒက်ဇ်ဒါ တိုလိုကွန်နီ ကိုဗာ (Nadezhda Tolokonnikova) ကို Siberia က ကရာစနို ယက်စ် (Krasnoyarsk) မြို့မှာရှိတဲ့ အကျဉ်းထောင်ကနေ ပြန်လွှတ်လိုက်တာဖြစ်ပြီး မာရီယာ အယ်လ်ယိုခီနာ (Maria Alyokhina) ကိုတော့ တခြားထောင်တခုကနေ အစောပိုင်းမှာ ပြန်ပြီးလွှတ်ပေးခဲ့တာပါ။
ရုရှားအစိုးရဟာ ဖေဖေါ်ဝါရီလထဲ Sochi မှာကျင်းပဖို့ စီစဉ်ထားတဲ့ ဆောင်းရာသီ အိုလံပစ်အားကစားပွဲတော် မတိုင်ခင် လူမှုဆက်ဆံရေးဆိုင်ရာ အမြတ်ထုတ်ဖို့ စတန့်ထွင်ကြိုးစားတာလို့ သူတို့ ၂ ဦးစလုံးက ဝေဖန်ကြပါတယ်။

ထောင်ကနေထွက်ထွက်ချင်းမှာပဲ တိုလိုကွန်နီကိုဗာ က သူဟာ ရုရှားမှာ ကျင်းပတဲ့ အားကစားပွဲတွေကို သပိတ်မှောက်နိုင်အောင် ကြိုးစားမယ်လို့ ပြောပါတယ်။ ဒါ့အပြင် အခုဆိုရင် ထောင်ထဲမှာ နာမည်သိပ်မကြီးတဲ့သူတွေ အကျဉ်းကျ ကျန်နေရစ်တာကို မေ့မထားကြဖို့လည်း သူက ဆော်သြ လိုက်ပါတယ်။

မာရီယာ အယ်လ်ယိုခီနာ ကလည်း ထောင်ကထွက်ထွက်ချင်းမှာပဲ သူ့ကို အခုလိုလွှတ်ပေးတာဟာ လူသားချင်းစာနာမှုကြောင့်မဟုတ်ဘဲ လူမှုဆက်ဆံရေး ဆိုင်ရာ အမြတ်ထုတ်တာမို့ သူဟာ ထောင်ထဲမှာပဲ ဆက်နေဖို့ဆန္ဒရှိတယ်လို့ ပြောပါတယ်။

မကြာသေးခင်ရက်ပိုင်းတုန်းကလည်း ဖမ်းဆီးထားတဲ့ နာမည်ကျော် ရုရှားရေနံ သူဌေးကြီး မီခေးလ် ခိုဒေါ်ကော့ဗ်စကီ (Mikhail Khodorkovsky ကို ပြန်လွှတ်ပေးခဲ့တာမို့ ဒါဟာ အိုလံပစ်ပွဲတော်မတိုင်ခင် မျက်နှာကောင်းရအောင် ရုရှားသမ္မတ Vladimir Putin လုပ်ဆောင်တာလို့ ဝေဖန်ကြပါတယ်။

အယ်လ်ယိုခီနာ နဲ့ တိုလိုကွန်နီကိုဗာ တို့ ၂ ဦးရဲ့ သတ်မှတ်လွတ်ရက်ဟာ မတ်လထဲမှာ ဖြစ်ပါတယ်။ Pussy Riot အဖွဲ့သားနောက်တဦးဖြစ်တဲ့ ယာကာတာရီနာ စမတ်စီဗစ်ချ် (Yekarterina Samutsevich) ကိုတော့ မနှစ်က ကတည်းက ပြန်ပြီးလွှတ်ပေးခဲ့တာပါ။