လက်နက်ခဲယမ်းတွေ တိုးမြှင့်ထုတ်လုပ်ဖို့ ရုရှားကာကွယ်ရေးဝန်ကြီး ကတိပြု

Russian defence minister pays rare visit to troops in Ukraine

ယူကရိန်းမှာ ရှိနေတဲ့ ရုရှားတပ်ဖွဲ့တွေအတွက် လက်နက်ခဲယမ်းတွေ တိုးမြှင့်ထုတ်လုပ် ပံ့ပိုးပေးသွားမယ်လို့ ရုရုားကာကွယ်ရေးဝန်ကြီး Sergei Shoigu က ဒီကနေ့ ကတိပြု ပြောဆိုလိုက်ပါတယ်။ ဒီကနေ့ ရုရှားစစ်ဌာနချုပ်ကို သွားရောက်တဲ့အချိန်မှာ ဝန်ကြီး Shoigu အခုလို ပြောသွားတာပါ။

ဘယ်လို လက်နက်ခဲယမ်းတွေကို ဘယ်လောက်များများ ပမာဏနဲ့ အဓိက လိုအပ်နေသလဲဆိုတာ သုံးသပ်ဆုံးဖြတ်တာတွေ လုပ်ခဲ့သလို။ ဒီလို လက်နက်တွေ တိုးမြှင့်ပံ့ပိုးပေးနိုင်ဖို့ လိုအပ်တဲ့ဆောင်ရွက်မှုတွေ လုပ်နေတဲ့အကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး Shoigu က ဒီကနေ့ ပြောသွားတာပါ။

ရုရှားစစ်တပ်မှာ ရာထူးအဆင့်မြင့်ဆုံး ဗိုလ်ချုပ်ကြီး Valery Gerasimov အပါအဝင် အကြီးတန်း စစ်ဘက်အရာရှိတွေနဲ့ ဒီကနေ့ ရုရှားစစ်ဌာနချုပ်မှာ ဝန်ကြီး Shoigu တွေ့ဆုံတဲ့အချိန် ပြောဆိုခဲ့တာတွေကို ကာကွယ်ရေးဝန်ကြီးဌာနက တယ်လီဂရမ်ကတဆင့် ထုတ်ပြန်ထားပါတယ်။ ယူကရိန်းစစ်ပွဲမှာ ရှေ့တန်းရောက် ရုရှားစစ်သည်တွေအတွက် လိုအပ်တဲ့ လက်နက်ခဲယမ်းတွေကို ကာကွယ်ရေးဝန်ကြီး Shoigu က လုံလုံလောက်လောက် ထောက်ပံ့မပေးဘူးဆိုတဲ့ ဝေဖန်မှုတွေ ပြီးခဲ့တဲ့လပိုင်းတွေထဲ ကျယ်ကျယ်လောင်လောင် ထွက်ပေးခဲ့ပြီးတဲ့နောက် ဝန်ကြီး Shoigu က အခုလို ကတိပြု ပြောဆိုသွားတာဖြစ်ပါတယ်။

==== Unicode =====


