ဆိပ်ကမ်းနဲ့ ရေနံချက်စက်ရုံ တည်ဆောက်ရေးအပါအဝင် ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံမှုတွေအတွက် စစ်ကောင်စီနဲ့ သဘောတူ လက်မှတ်ရေးထိုးလိုက်ကြောင်း ရုရှား စီးပွားရေးဇွံ့ဖြိုးမှုဝန်ကြီးဌာနက ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။
နားလည်မှုစာချွန်လွှာကိုတော့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရုရှားစီးပွားရေးဝန်ကြီးဌာန အကြီးအကဲ Maxim Reshetnikov နဲ့ စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးကံဇော်တို့ လက်မှတ်ရေးထိုးခဲ့ကြတာပါ။ သဘောတူညီချက်မှာ မြန်မာနိုင်ငံမှာရှိတဲ့ ရုရှားကုမ္ပဏီတွေ ပူးတွဲအကောင်အထည်ဖော်နေတဲ့ အခြေခံအဆောက်အအုံနဲ့ စွမ်းအင်လုပ်ငန်းတွေ အပါအဝင် စီမံကိန်းကြီးတွေအတွက် အခြေခံမူတွေ ပါဝင်ကြောင်းလည်း ရုရှားစီးပွားရေးဝန်ကြီးဌာနက ပြောပါတယ်။
စီမံကိန်းတွေထဲမှာ ဆိပ်ကမ်း၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံနဲ့ ရေနံချက်စက်ရုံ တည်ဆောက်ရေး လုပ်ငန်းတွေ ပါဝင်တယ်လို့လည်း ပြောပါတယ်။ ရေနံချက်စက်ရုံ တည်ဆောက်ရေးအတွက်ကတော့ အခက်အခဲတွေရှိနေဆဲ ဖြစ်တာကြောင့် အပြီးသတ် ဆုံးဖြတ်ချက် မချရသေးဘူးလို့လည်း ပြောပါတယ်။
စစ်ကောင်စီက ရေနံချက်စက်ရုံ တည်ဆောက်ဖို့ လိုလားနေပေမဲ့ ရုရှားကုမ္ပဏီတွေရဲ့ စီးပွားရေးလေ့လာ ဆန်းစစ်ချက်တွေအရ မရေရာသေးတဲ့ အခြေအနေတွေကို တွေ့ရကြောင်းလည်း ရုရှား Interfax သတင်းဌာနက စီးပွားရေးဝန်ကြီးဌာနအကြီးအကဲကို ကိုးကားဖော်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေနဲ့ နိုင်ငံတကာရဲ့ ဝိုင်းပယ်မှုတွေ ခံနေရချိန်မှာ စစ်ကောင်စီဟာ ရုရှားနဲ့ ဆက်ဆံရေး တိုးမြှင့်လာခဲ့တာပါ။ ရန်ကုန်မြို့က ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေးလုပ်ငန်းမှာ ရုရှားပါဝင်ဖို့ အပါအဝင် စွမ်းအင်ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးတာတွေလည်း ရှိခဲ့ပါတယ်။