နျူကလီးယားလက်နက် ထိန်းချုပ်ရေး ရုရှား အောက်လွှတ်တော် အတည်ပြု

နျူကလီးယားလက်နက် ထိန်းချုပ်ရေး ရုရှား အောက်လွှတ်တော် အတည်ပြု

အမေရိကန် ပြည်ထောင်စုနဲ့ သဘောတူညီမှုရရှိထားတဲ့ သမိုင်းဝင် နျူးကလီးယား လက်နက်များလျော့ချရေး စာချုပ်နဲ့ပတ်သက်လို့ ပဏာမ သဘောတူညီမှုကို ရုရှား ဒူးမား အောက်လွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်ပါတယ်။ နောက်ဆုံးအတည်ပြုချက်ကို နောက်နှစ်ကျမှ ပြုလုပ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

မဟာဗျူဟာလက်နက်များ လျှော့ချရေး စာချုပ်သစ်ကို အောက်လွှတ်တော်အမတ်တွေက ထောက်ခံမဲ ၃၅၀၊ ကန့်ကွက်မဲ ၅၈ မဲနဲ့ မဲခွဲဆုံးဖြတ်ခဲ့တာပါ။ အဲဒီစာချုပ်ကို လွှတ်တော်ကနေ သုံးကြိမ်တိုင်တိုင် အတည်ပြုပေးဖို့ လိုအပ်ပါတယ်။ နောက်ထပ် မဲခွဲဆုံးဖြတ်မှု ၂ ကြိမ်ကိုတော့ သက္ကရာဇ် ၂၀၁၁ ခုနှစ် ဇန်နဝါရီလကျမှ ပြုလုပ်ဖွယ်ရှိပါတယ်။ ဇန်နဝါရီလမှာ အောက်လွှတ်တော် ဒူးမားက ပြန်လည် တွေ့ဆုံတဲ့အခါ စာချုပ်နဲ့ပတ်သက်လို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဝါရင့် လွှတ်တော်အမတ် ကွန်စတန်တင်း ကိုစရှဗ် Konstantin Kosachev က ပြောပါတယ်။

ဒီသီတင်းပတ်အတွင်း အမေရိကန်လွှတ်တော်က မဲခွဲအတည်ပြုခဲ့တဲ့ START စာချုပ်သစ်မှာ အဓိပ္ပါယ် ကောက်ယူချက် အမျိုးမျိုး ရှိနေတဲ့အတွက် ရုရှား လွှတ်တော်အမတ်တွေ အနေနဲ့ လေ့လာသုံးသပ်ပြီး တုံ့ပြန်ဖို့ လိုအပ်ကြောင်း သူက ပြောကြားခဲ့ပါတယ်။ အမေရိကန် အထက်လွှတ်တော်က စာချုပ်ကို ထောက်ခံမဲ ၇၁ မဲ ၊ ကန့်ကွက်မဲ ၂၆ မဲ နဲ့ အတည်ပြုခဲ့တာဖြစ်ပါတယ်။