အာဖဂန်ငြိမ်းချမ်းရေး ညီလာခံ ရုရှားဦးဆောင်မည်

အာဖဂန် သမ္မတ Ashraf Ghani

အာဖဂန်နစ္စတန် ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံတကာဆွေးနွေးပွဲကို ရုရှားက ကမကထ လုပ်ပြီး နိုဝင်ဘာလ ၉ ရက်နေ့မှာ ကျင်းပပေးမှာ ဖြစ်ပြီး ဆွေးနွေးပွဲကို အာဖဂန်အစိုးရနဲ့ တာလီဘန်လက်နက်ကိုင်အဖွဲ့က ကိုယ်စားလှယ်တွေပါ တက်ရောက်မှာ ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဌာန က ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

အာဖဂန်သမ္မတ Ashraf Ghani နဲ့ တာလီဘန်တို့က သူတို့ရဲ့ ကိုယ်စားလှယ်တွေကို အစည်းအဝေးကို စေလွှတ်ဖို့ သဘောတူခဲ့တယ် လို့လည်း ရုရှားအစိုးရက ပြောပါတယ်။ ဒါဟာ ဒိုဟာက တာလီဘန်လှုပ်ရှားမှု ဆိုင်ရာ နိုင်ငံရေးရုံးက ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ပထမဆုံး အကြိမ်အဖြစ် နိုင်ငံတကာ ဆွေးနွေးပွဲ အဆင့်မျိုးကို တက်ရောက်မှာ ဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ရုရှားအစိုးရက အခုလို ကြေညာခဲ့ပေမယ့် အာဖဂန်နိုင်ငံခြားရေးရုံးကတော့ ဒီဆွေးနွေးပွဲကို အာဖဂန်အစိုးရ ဘက်က တက်မတက် အတည်ပြုချက် မပေးသေးပါဘူး။ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ရုရှားအရာရှိနေတွေနဲ့ ညှိနှိုင်းနေဆဲ ဖြစ်ကြောင်းနဲ့ သဘောတူတဲ့ အဆင့် မရောက်သေးဘူးလို့ အာဖဂန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Sebghatullah Ahmadi က AFP သတင်းဌာနကို ပြောခဲ့တာပါ။

ရုရှားအစိုးရကတော့ သူတို့ဟာ အမေရိကန်ပြည်ထောင်စုနဲ့ အတူ အိန္ဒိယ၊ အီရန်၊ တရုတ်၊ ပါကစ္စတန်နဲ့ အရင်ဆိုဗီယက်ပြည်ထောင်စုထဲမှာ ပါတဲ့ အလယ်အာရှက နိုင်ငံ ၅ နိုင်ငံက ကိုယ်စားလှယ်တွေကို ပါဝင်တက်ရောက်ဖို့ ဖိတ်ကြားခဲ့တယ်လို့ ပြောပါတယ်။

Your browser doesn’t support HTML5

အာဖဂန်ငြိမ်းချမ်းရေး ညီလာခံ ရုရှားဦးဆောင်မည်