ယူကရိန်းနဲ့ ရုရှား စစ်သုံ့ပန်းတွေ လဲလှယ်မယ့် အစီအစဉ်မှာ အနှောက်အယှက်တွေ လုပ်ခဲ့တယ်လို့ အပြန်အလှန် စွပ်စွဲလိုက်ကြပါတယ်။ စစ်သုံ့ပန်းလဲလှယ်မယ့် အစီအစဉ်ကို ယူကရိန်းက ဖျက်လိုဖျက်ဆီး လုပ်ခဲ့တယ်လို့ ရုရှားက စွပ်စွဲလိုက်ပြီးနောက် လဲလှယ်ဖို့ အသင့်ဖြစ်နေတဲ့ ယူကရိန်းအကျဉ်းသား စာရင်းကိုပေးဖို့ ယူကရိန်းက ဒီနေ့ပဲ ရုရှားကို တောင်းဆိုခဲ့တာပါ။
စစ်အကျဉ်းသားတွေ အပြန်အလှန် လဲလှယ်ဖို့ အမြဲတမ်းအသင့်ရှိကြောင်းလည်း ယူကရိန်း လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Dmytro Lubinets က ရုရှား တာဝန်ရှိသူတွေထံက အကျဉ်းသားစာရင်း တောင်းဆိုရင်း Telegram လူမှုကွန်ရက်မှာ ပြောဆိုလိုက်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်းအပေါ် ကျုးကျော်စစ် စတင်ခဲ့ပြီးနောက်ပိုင်း ၂ ဘက်အကြား မကြာခဏဆိုသလို အကျဉ်းသားတွေ လဲလှယ်နေကြတာပါ။
အောက်တိုဘာလလယ်က နောက်ဆုံးအကြိမ် လဲလှယ်ရာမှာ အကျဉ်းသား ၉၅ ယောက်စီ ပြန်လွှတ်ပေးခဲ့ကြပါတယ်။ စနေနေ့မှာတုန်းကတော့ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Maria Zakharova က စစ်သုံ့ပန်းလဲလှယ်မယ့် အစီအစဉ်ကို ယူကရိန်းက ဖျက်လိုဖျက်ဆီးလုပ်ခဲ့ပြီး၊ ကိုယ့်နိုင်ငံသားတွေကို ပြန်လက်ခံဖို့ ငြင်းဆန်နေတယ်လို့ ပြောခဲ့တာပါ။
ယူကရိန်း စစ်သုံ့ပန်း ၉၃၅ ယောက်ကို ပြန်လွှတ်ပေးဖို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ကမ်းလှမ်းထားပေမဲ့ ယူကရိန်းက ၂၇၉ ယောက်ကိုသာ လက်ခံထားတယ်လို့လည်း ပြောပါတယ်။ ယူကရိန်းကတော့ စစ်သုံ့ပန်းတွေကို ပြန်လက်ခံဖို့ အသင့်ရှိနေပြီး၊ ရုရှားကသာ လုပ်ငန်းစဉ်ကို ကြန့်ကြာအောင် လုပ်နေတာလို့ အပြန်အလှန် စွပ်စွဲထားပါတယ်။