ယူကရိန်းထိုးစစ် တန်ပြန်နိုင်ဖို့ ရုရှားပြင်ဆင်

ရုရှားတပ်ဖွဲ့ဝင်များ

ယူကရိန်းဘက်က ရုရှားနိုင်ငံထဲကို ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေကို ဟန့်တားဖို့အတွက်၊ ရုရှားက နယ်စပ်ဒေသ နေရာ ၃ ခုမှာ အကြမ်းဖက်မှု တန်ပြန်စစ်ဆင်ရေးတွေကို ဒီနေ့လုပ်ဆောင်လိုက်တယ်လို့ ရုရှားအစိုးရက ပြောပါတယ်။

ယူကရိန်းတပ်တွေက ရုရှားနိုင်ငံအနောက်ဘက်ခြမ်းက Kursk ဒေသကို အင်္ဂါနေ့မနက်ပိုင်းက နယ်စပ်ဖြတ်ကျော်ပြီး အမှတ်မထင် ဝင်တိုက်ခဲ့ပြီး ကီလိုမီတာ အတော်များများ ရှေ့ကိုတက်နိုင်ခဲ့တယ်လို့ ယူကရိန်းအရေးကို သီးခြားလေ့လာစောင့်ကြည့်နေတဲ့ အကဲခတ်တွေက ပြောပါတယ်။
ရုရှားက ယူကရိန်းတပ်တွေ ရှေ့ဆက်မတက်လာနိုင်အောင် ဟန့်တားဖို့အတွက် တင့်ကားတွေ၊ ဒုံးကျည်ပစ်လွှတ်စင်တွေနဲ့ လေတပ်တွေအပါအဝင် နောက်ထပ်တပ်ဖွဲ့ဝင်တွေ စစ်လက်နက်တွေကို ထပ်မံတိုးမြှင့်ချထားလိုက်ပါတယ်။

ရုရှားပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးကို ကာကွယ်နိုင်ဖို့နဲ့ ရန်သူအဖွဲ့တွေဘက်က အကြမ်းဖက်ခြိမ်းခြောက်မှုတွေကို နှိမ်နှင်းနိုင်ဖို့အတွက် Belgorod, Bryansk, Kursk ဒေသတွေမှာ အကြမ်းဖက် တန်ပြန်စစ်ဆင်ရေးတွေကို စတင်လိုက်တယ်လို့ ရုရှားနိုင်ငံရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးကော်မတီက သောကြာနေ့နှောင်းပိုင်းက ပြောပါတယ်။

ရုရှားနိုင်ငံရဲ့ ဥပဒေအရ အကြမ်းဖက်မှုကို တန်ပြန်တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေအတွင်း စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အရေးပေါ်လုပ်ပိုင်ခွင့် အာဏာတွေကို အသုံးပြုနိုင်တာ ဖြစ်ပါတယ်။

အဲဒီစစ်ဆင်ရေးအချိန်အတွင်းမှာဆိုရင် သွားလာမှုတွေကို ကန့်သတ်တာ၊ ယာဉ်တွေကို သိမ်းဆည်းနိုင်တာ၊ ဖုန်းတွေကို စောင့်ကြည့်ထောက်လှမ်းနိုင်တာ၊ နယ်မြေတွေကို မသွားဖို့ ကန့်သတ်တားမြစ်တာ၊ စစ်ဆေးရေးဂိတ်တွေချပြီး အရေးကြီးတဲ့နေရာတွေမှာ လုံခြုံရေးတွေကို တိုးမြှင့်တာတွေ လုပ်လေ့ရှိတာ ဖြစ်ပါတယ်။