ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavov ဟာ တရုတ်နိုင်ငံကို မနက်ဖြန် တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာ သွားရောက်ပြီးတော့ ယူကရိန်းစစ်ပွဲအရေးကိစ္စနဲ့ ရုရှားနဲ့ တရုတ်အစိုးရကြား ဆက်ဆံရေးပိုမိုခိုင်မာ အားကောင်းလုပ်ဖို့ကိစ္စတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး Lavrov နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီတို့ဟာ ယူကရိန်း ပြဿနာနဲ့ အာရှ-ပစိဖိတ်ဒေသ အရေးကိစ္စတွေလို ထိပ်တန်းကိစ္စရပ်တွေကို ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ရုရှားသမ္မတ ဗလာဒီမီယာပူတင်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် တရုတ်နိုင်ငံကို လာမယ့်မေလမှာ သွားရောက်မှာြဖစ်ပြီး၊ ဒါဟာ ရုရှားသမ္မတပူတင်အတွက်တော့ သူ့ရဲ့သမ္မတသက်တမ်းသစ်မှာ ပြည်ပကို ပထမဆုံးအကြိမ်သွားတဲ့ ခရီးစဉ် ဖြစ်ပါတယ်။ ရုရှားသမ္မတပူတင်ဟာ ၂၀၂၂ ဖေဖော်ဝါရီလတုန်းက ယူကရိန်းကျူးကျော်စစ်ကို မစတင်ခင်ရက်ပိုင်းလေးမှာပဲ တရုတ်နိုင်ငံဘေဂျင်းမြို့ကို သွားရောက်ပြီး ၂ နိုင်ငံကြား အကျိုးတူပူးပေါင်းဆောင်ရွက်မှုတွေ အကန့်အသတ် မရှိဘူးဆိုတာကို ပြသခဲ့ပါတယ်.
တရုတ် အကောက်ခွန်ဌာနရဲ့စာရင်းတွေအရတော့၊ တရုတ်နဲ့ရုရှား ၂ နိုင်ငံကုန်သွယ်ရေးဟာ ပြီးခဲ့တဲ့ ၂၀၂၃ မှာ ၂၀၂၂ ကထက်စာရင် ၂၆.၃ % တိုးလာပြီး အမေရိကန်ဒေါ်လာ ၂၄၀.၁ ဘီလျံအထိ စံချိန်တင်မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံကနေ ရုရှားကို တင်ပို့မှုဟာ မနှစ်က ၄၆.၉% မြင့်တက်ခဲ့သလို ရုရှားနိုင်ငံကနေ တင်သွင်းမှုက ၁၃ % မြင့်တက်ခဲ့တာ ဖြစ်ပါတယ် တချိန်တည်းမှာပဲ အမေရိကန်နဲ့ တရုတ်ကုန်သွယ်ရေးကတော့ မနှစ်က စုစုပေါင်း ဒေါ်လာ ၆၆၄.၅ ဘီလျံပဲ ရှိခဲ့ပြီးတော့ ၁၁.၆ % ကျဆင်းခဲ့တယ်လို့ ပြောပါတယ်။