စစ်ကောင်စီနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ ရုရှားရေယာဉ် ၄ စီး သီလဝါဆိပ်ကမ်းရောက်

ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှာ ရုရှား-မြန်မာ ပူးတွဲစစ်ရေးလေ့ကျင့်မှု မစခင်တွေ့ရတဲ့ နှစ်နိုင်ငံ အရာရှိများ

ရုရှားရေတပ်က ထောက်ပံ့ရေး ရေယာဉ်တစီးအပါအဝင် ကော်ဗက်စစ်ရေယာဉ် လေးစီး မြန်မာနိုင်ငံ သီလဝါ ဆိပ်ကမ်းကို မနေ့က ရောက်လာပြီး နှစ်နိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်ခန်းတွေ လုပ်မယ်လို့ မြန်မာစစ်ကောင်စီက ကြေညာထားပါတယ်။

ရုရှား စစ်တပ်က အရာရှိ စစ်သည်တွေနဲ့အတူ Harbour Phase ဆိပ်ကမ်းအခြေပြု နှစ်နိုင်ငံ ပူးတွဲလေ့ကျင့်မှုတွေကို ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းမှာ နိုဝင်ဘာလ ၂၀ ရက်ကနေ ၂၄ ရက်နေ့အထိ လုပ်သွားမယ်လို့ စစ်ကောင်စီက ကြေညာထားတာပါ။

ကပ္ပလီပင်လယ်ပြင်မှာ ရေပြင်၊ ဝေဟင်၊ ရေအောက်လေ့ကျင့်ခန်းတွေနဲ့ လက်တွေ့ပစ်ခတ်တာတွေ လုပ်မှာဖြစ်တဲ့အတွက် လေ့ကျင့်ခန်းလုပ်နေတဲ့ ဧရိယာနဲ့ ငါးမိုင်အတွင်း သင်္ဘောတွေ၊ ကုန်တင်သင်္ဘောတွေ၊ စက်လှေနဲ့ ငါးဖမ်းလှေတွေ၊ ရေယာဉ် ရဟတ်ယာဉ်တွေ ဖြတ်သန်းမသွားဖို့လည်း စစ်ကောင်စီက သတိပေးထားပါတယ်။ ရုရှားရေတပ်နဲ့ မြန်မာရေတပ်အကြား ဒုတိယအကြိမ် ပူးတွဲ စစ်ရေးလေ့ကျင့်တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းကလည်း ကပ္ပလီပင်လယ်ပြင်မှာ ပူးတွဲ စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။

မြန်မာနိုင်ငံ နေရာတချို့မှာ လက်နက်ကိုင်ပဋိပက္ခတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အရပ်သားတွ ထိခိုက်သေဆုံးတဲ့အတွက် နိုင်ငံတကာက လက်နက်တင်ပို့မှု ပိတ်ဆို့ရေး၊ လေယာဉ်ဆီ တင်ပို့မှု ပိတ်ပင်ရေး နိုင်ငံတကာက တောင်းဆိုနေချိန်မှာပဲ ရုရှား မြန်မာ ဒုတိယအကြိမ်ပူးတွဲ စစ်ရေးလေ့ကျင့်တာပါ။

ဒေသတွင်းစစ်ရေး လေ့လာသူတွေကတော့ မြန်မာစစ်တပ်ဟာ ရုရှားနိုင်ငံကနေ Su 30 (ဆူခွိုင်း သာတီး၊ MIG-19 နဲ့ Yak တိုက်ခိုက်ရေးလေယာဉ်တွေ ဝယ်ယူနေတယ်လို့ ပြောဆိုပါတယ်။

Your browser doesn’t support HTML5

စစ်ကောင်စီနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ ရုရှားရေယာဉ် ၄ စီး သီလဝါဆိပ်ကမ်းရောက်