မြန်မာ့သိပ္ပွံနည်းပညာ ၂၀၁၈ သုံးသပ်ချက် (အပိုင်း ၁)

အစိုးရအပြောင်းအလဲဖြစ်လာတာ ၂ နှစ်ထဲရောက်လာချိန်မှာ မြန်မာနိုင်ငံ တိုးတက်မှုရှိမရှိကို တနည်းတဖုံ တိုင်းတာနိုင်တဲ့ ပေတံတခုဖြစ်တဲ့ သိပ္ပံနဲ့နည်းပညာဏ္ဍမှာ တိုးတက်မှုရှိမရှိ ဆန်းစစ်ကြည့်ရအောင်ပါ။ ဂျပန် အဏ္ဏဝါ ဘူမိ သိပ္ပံနဲ့ နည်းပညာဌာန (JAMSTEC) က ဒေါက်တာမိုးကျော်သူရဲ့ အမြင်ကို တင်ပြပေးပါရစေ။

Your browser doesn’t support HTML5

မြန်မာ့သိပ္ပွံနည်းပညာ ၂၀၁၈ သုံးသပ်ချက် (အပိုင်း ၁)

မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးမှာ သိပ္ပံနဲ့နည်းပညာ ကဏ္ဍကို မြှင့်တင်ဖို့ အမြဲတိုက်တွန်းလေ့ရှိတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၇ ဇူလိုင်လထဲ ဝါရှင်တန်ဒီစီမှာ ကျင်းပတဲ့ ကမ္ဘာလုံးဆိုင်ရာ စက်ရုပ်နည်းပညာ ပြိုင်ပွဲဝင်တဲ့ နိုင်ငံပေါင်း ၁၅၇ နိုင်ငံထဲမှာ မြန်မာအင်ဂျင်နီယာ လူငယ်အဖွဲ့က အဆင့် ၆ ရခဲ့ပြီး အာဆီယံနိုင်ငံတွေထဲမှာ ပထမရခဲ့တာမို့ မြန်မာ့အလားလာကို အခုလို ဝမ်းပမ်းတသာ ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။။“ဒါဟာ တီထွင်မှုအတွက် ကြီးမားတဲ့အောင်ပွဲဖြစ်ပြီး အချင်းချင်းယိုင်းပင်းတဲ့ အဖွဲ့သားစိတ်ဓါတ် ရှိတာကို ပြနေသလို မြန်မာနိုင်ငံအနေနဲ့ အလားလာဘယ်လောက်ရှိတယ် မြန်မာ့အသွင်ကူးပြောင်း ကာလ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ အရင်းအမြစ်တွေကို ဘယ်လိုရှာရမယ်ဆိုတာကို သိကြောင်း ပြသနေတာပါ။”

ဒီလိုအလားအလာရှိတဲ့ မြန်မာနိုင်ငံရဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍ အတွက် လက်ရှိ အခြေအနေကို နိုင်ငံတကာပညာရှင်တွေနဲ့ လက်တွဲဆောင်ရွက်နေတဲ့ ဂျပန်အစိုးရ အဏ္ဏဝါ ဘူမိသိပ္ပံနဲ့နည်းပညာ ဌာနက မြန်မာဘူမိပညာရှင် ဒေါက်တာမိုးကျော်သူက ဘယ်လိုမြင်ပါသလဲ။

ဒေါက်တာမိုးကျော်သူ။ ။“၂၀၁၁ ခု- ၂၀၁၂ ခုနှစ်ကစပြီး ပြောင်းလဲလာတဲ့ အခြေအနေဟာ အရမ်းကို မြန်ပါတယ်။ ကျနော်ပြည်ပကနေ ကြည့်နေတဲ့အတိုင်းမှာ။ ကျနော်ကိုယ်တိုင်ကလည်း ဝင်ကူ၊ ဝင်ပါတဲ့ အခြေနေလေးတွေလည်း ရှိပေမယ့် ဒီ ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ် ဧပြီမှာ အစိုးရအပြောင်းအလဲ ဖြစ်သွားတဲ့ အချိန်မှာ အပြောင်းအလဲတွေ အတော်များများ ရပ်သွားတဲ့ အခြေနေမျိုးတွေ တွေ့လိုက်ရတယ်။ တွေ့လိုက်တော့ ပြောရရင် ကျနော်လည်း ပြည်ပကနေ ကြည့်လိုက်ရင် နဲနဲ စိတ်ပျက်တာပေါ့။ စိတ်ပျက်တယ် ဆိုပေမယ့် ဒါက မြန်မာပြည် အနေနဲ့ နိုင်ငံရေး အပြောင်းအလဲ။ ဆိုတာ ဒါ က အရမ်းကို အတွေ့အကြုံ မရှိသေးတဲ့ အခြေအနေကြောင့် ဖြစ်ပေမယ့် အခု ၂၀၁၈ ရွေးကောက်ပွဲ အစိုးရတွေပြောင်းပြီး ၂ နှစ် ကြာလာတဲ့ အချိန်မှာ တိုးတက်မှုတွေ အများကြီးကို မြင်လာရတယ်။ ဒါပေမယ့် အဲဒါတွေက ဘယ်လိုခေါ်မလဲ၊ သတင်းစာ ရှင်းလင်းပွဲတွေမှာ ကျနော်တို့ မတွေ့ရတော့ သေသေချာချာကြီး မသိနေဘူး။ ကျနော် ထဲထဲဝင်ဝင် ကြည့်လိုက်တော့မှပဲ၊ အဲဒါကို တွေ့ရတာပါ။”

ဟုတ်ပါတယ်။ တာဝန်ယူကိုင်တွယ် ဆောင်ရွက်နေတဲ့ အစိုးရတရပ်ရဲ့ သတင်းဖြန့်ဖြူးမှု အားနဲတာဟာ တိုးတက်မှုဘယ်လောက်ရှိနေတယ် ဆိုတာကို တိုင်းတာဖို့ ခက်ခဲစေတာပါ။ ဒီလို ခက်ခဲတဲ့ကြားကပဲ ၂၀၁၈ ခုနှစ်အတွင်း မြင်သာတဲ့ တိုးတက်မှုလေးတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒေါက်တာမိုးကျော်သူ။ ။“၂၀၁၈ ခုနှစ်အတွက် အဓိကပြောရရင်တော့ ကျနော် ပြည်ထောင်စု- နိုင်ငံတော် အဆင့် အခြေနေမှာ ကုလသမဂ္ဂကနေ ကျန်ခဲ့တဲ့ ၂ နှစ် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ ကနေ စလိုက်တဲ့ SDG ဆိုတဲ့ နိုင်ငံတွေ ရေရှည် တည်တံ့ခိုင်မြဲပြီးတော့ ဟန်ချက်ညီတဲ့ ဖွံ့ဖြိုးတိုးတက် မှုပေါ့နော်၊ Sustainable Development ဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ မြန်မာပြည်မှာ မသိသာပေမယ့်၊ တကယ့်ကို အစိုးရ အဖွဲ့အစည်းထဲမှာ သူက အားကြိုးမာန်တက် လုပ်နေတဲ့ ဥစ္စာတွေကို မြင်လာရပါတယ်။

အဓိက ပထမပြောရမယ် ဆိုရင်တော့ ၂၀၁၈ ကနေ ၂၀၃၀ အထိ ကုလသမဂ္ဂရဲ့ သတ်မှတ်ထားတဲ့ နှစ် အတိုင်းပဲ မြန်မာနိုင်ငံရဲ့ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း ဆိုတာကြီးက ပေါ်လာပါတယ်။ မူဘောင်တွေ။ အဲဒီမူဘောင်တွေထဲမှာ အဓိက ပြောရရင်ကတော့ ပန်းတိုင် - နံပါတ် ၃ ပန်းတိုင်မှာ အလုပ်အကိုင် ဖန်တီးရေးနဲ့ ပုဂ္ဂလိက ကဏ္ဍ ဦးဆောင်ပြီး ဖွံ့ဖြိုးရေး ဆိုတဲ့ အပိုင်းမှာက ဒီ နိုင်ငံတော် အဖွဲ့အစည်းတွေရော၊ ပုဂ္ဂလိကအဖွဲ့အစည်းတွေရော၊ တက္ကသိုလ် တွေရော အားလုံးက သုတေသနနဲ့ နည်းပညာ မရှိပဲနဲ့ မလုပ်နိုင်ဘူး ဆိုတဲ့ အချက်ကို အားလုံး လက်ခံပြီးတော့ အဲဒီမှာ ပူးတွဲ လုပ်ကြဖို့ ဆိုတာရဲ့ မူဘောင် အသေးစိတ်တွေ ဆွဲတာပါ ခင်ဗျ။”

အခုလို နိုင်ငံတော်၊ ပုဂ္ဂလိက နဲ့ ပညာရှင်တွေ လက်တွဲဆောင်ရွက်ဖို့ မူဘောင်ချနိုင်တာကြောင့် ဘယ်လိုထူးခြားလာနိုင်မှာပါလဲ။

ဒေါက်တာမိုးကျော်သူ။ ။“အဲဒီ မူဘောင်တွေ အသေးစိတ်တွေ ပေါ်လာပြီ ဆိုရင် လာမယ့် နှစ်တွေမှာ ဒီ အောက်ခြေတက္ကသိုလ်တွေ၊ အောက်ခြေ သုတေသနအဖွဲ့အစည်းတွေ၊ နိုင်ငံတကာ လုပ်တာတွေနဲ့ ပတ်သက်လို့ စံနစ်တကျ တိုးတက်မှုတွေ မြင်လာရမယ့် အပြင်ကို ဒီလို ပူးတွဲလုပ်တဲ့ အခြေအနေမှာ ဘယ်လိုဟာတွေကို သတိထားရမယ်။ ဘယ်လိုလုပ်ရမယ်။ ဆိုတဲ့ လမ်းညွှန်ချက်တွေကိုလည်း အသေးစိတ် ကလေးတွေ မြင်လာရပါတယ်ခင်ဗျ။

ဒါတွေဟာ အခုအချိန်အထိ ပြောရရင်တော့ မြန်မာနိုင်ငံမှာ ကျနော်တို့ တသက်ပါပဲ။ ဒီ ၁၉၆၀ လောက် ကတည်းက မရှိခဲ့ဘူးတဲ့၊ လမ်းညွှန်ချက်တွေပါ။ ကျနော် နဲနဲလေး နောက်ကြောင်းပြန် သွားရမယ် ဆိုရင်ကတော့ လက်ရှိဒီ မြန်မာနိုင်ငံမှာ သိပ္ပံနဲ့နည်းပညာ ဘယ်လို လုပ်လာခဲ့လဲ ဆိုတဲ့ ဟာလေးကို ကျနော် ခဏလေး ပြန်ပြောချင်တယ် ဆိုရင်က။

ဒီ ၂၀၁၆ ခုနှစ် ဒီ အစိုးရအဖွဲ့ အပြောင်းအလဲ ဖြစ်တဲ့ အချိန်မှာ သိပ္ပံနဲ့နည်းပညာ ဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာန ဒီ ၂ ခုကို ပေါင်းလိုက်တယ်။ ဒီဝန်ကြီးဌာန ၂ ခုက မြန်မာနိုင်ငံရဲ့ သုတေသနရဲ့ တကယ့်အခြေခံ အဖွဲ့အစည်းတွေပါ။ ဟို ကျန်းမာရေးဝန်ကြီး ဌာနမှာ ဆေးသုတေသန သိပ္ပံရှိတယ်၊ တခြားစက်မှုမှာ သုတေသန ရှိတာ များတာ မှန်ပေမယ့် အရေအတွက်အရရော၊ အတိုင်းအတာ အရရော၊ အရမ်း အရေးကြီးတဲ့ဟာက ဒီ ဝန်ကြီးဌာနကြီး ၂ ခုပါ။

ဒီ၂ ခု ပေါင်းသွားပြီးတဲ့ နောက်ပိုင်းမှာ ဖြစ်လာတဲ့ ဥစ္စာကတော့၊ ကောင်းတာပေါ့နော်၊ ကောင်းတာအနေနဲ့ ပြောရရင်ကတော့ ဒီ တနိုင်ငံလုံး အတွက်ကို ကမ္ဘာ့အဆင့်အတန်းရှိတဲ့ ဓါတ်ခွဲခန်းကြီးတခု ဖြစ်လာတဲ့ ကိစ္စရယ်၊ အဲဒီ ဓါတ်ခွဲခန်းကို ပညာရေးဝန်ကြီးဌာနက လူတွေ အားလုံးက စိတ်တိုင်းကျ၊ ဘယ်လို ခေါ်မလဲ လွတ်လွတ်လပ်လပ် သုံးစွဲခွင့် ရရှိသွားတဲ့ အခြေနေ ဖြစ်လာခဲ့ပြီးတဲ့နောက်မှာ ဘာဖြစ်လာသလဲ ဆိုတော့ ပိုပြီး ချဲ့ပြီးတော့၊ ကျနော်ကိုယ်တိုင်က အံ့သြသွားရတဲ့ အချက် တခု ကတော့ စက်မှုလုပ်ငန်း ဒီ SME အလယ်အလတ် အဆင့်ရှိတဲ့ ဒီစက်မှု လုပ်ငန်းကုမဏီ တွေရော၊ အစိုးရ အဖွဲ့အစည်းတွေရော၊ ဒီတကသိုလ် တွေရော၊ သုတေသနနဲ့ ပတ်သက်တဲ့နည်းပညာတွေကို အကန့်အသတ်မရှိ ပဲနဲ့ ဖလှယ်နိုင်ပြီးတော့မှ၊ အဲဒီနည်းပညာတွေကို သုံးပြီးတော့ စက်မှု လုပ်ငန်းတွေကို အားပေး ဖို့ ဆိုတဲ့ ကိစ္စက ကျန်ခဲ့တဲ့ ၂ နှစ် အတွင်းမှာ တော်တော် လေးကို တက်တက်ကြွကြွ လုပ်လာတာ မြင်ရပါတယ်။ ကျနော်ကိုယ်တိုင်ပါ။”

သိပ္ပံနည်းပညာ ဆိုင်ရာမှာ လွတ်လပ်စွာ ဖလှယ်ခွင့်ရခဲ့တာကနေ စက်မှု လုပ်ငန်းတွေ အတွက် လမ်းပွင့်ခဲ့ရတာက ပထမအချက်ပါ။ နောက်တွေ့ရတဲ့ တိုးတက်မှုတွေကရော ဘာတွေပါလဲ။

ဒေါက်တာမိုးကျော်သူ။ ။“အဲဒီ SDG အတွက် မူဘောင် ချနိုင်တာ အပြင်ကို နောက်ထပ်ပြီးတော့ လုပ်နိုင်တာ လေးတွေက သိပ္ဗံနည်းပညာနဲ့ ဆန်းသစ်တီထွင်မှု ဥပဒေ ဆိုတာ အင်္ဂလိပ်လို ပြောရရင်တော့ Science Technology and Innovation ဥပဒေ ဆိုတဲ့ ဥပဒေ ဆိုတာက ၂၀၁၈ ခုနှစ် ဇွန်လမှာ အတည်ပြု ချမှတ် နိုင်ခဲ့ပါတယ်။ ဒီဟာက အရမ်းကို အရေးကြီးပါတယ်။

ဘာလို့လည်း ဆိုတော့ ဒီသိပ္ဗံနည်းပညာ ဆန်းသစ် တီထွင်မှုတွေ လုပ်လာတဲ့ အချိန်မှာ ရှေ့က လူက တီထွင်သွားတဲ့ ဟာကို နောက်က လူက ခိုးယူလို့ မရအောင် လုပ်သလိုမျိုး၊ တယောက်နဲ့ တယောက် လေးစားမှုပေါ် မူတည်ပြီး တော့ ရှိနေတဲ့ ဟာတွေကို နောက် လူက လေးစားပြီးတော့မှ လက်တွဲပြီး လုပ်ကြမယ့် ဟာမျိုးတွေ လက်တွဲပြီးတော့ စံနစ်တကျ လုပ်သွားဖို့ အတွက် ဖြစ်တဲ့အပြင်ကို ပြည်ပက လာပြီး ရင်းနှီး မြှုပ်နှံ သူတွေ အတွက်လည်း အော် ဒီမှာ ဒါမျိုး ဥပဒေတွေ ရှိနေတယ်။ ဒီနိုင်ငံ စံနစ်တကျ လုပ်နေပါလား ဆိုတာမျိုး မြင်နိုင်ဖို့က အတော့်ကို အရေးကြီးတာပါ။

နောက်တခုက မြန်မာ့ စိုက်ပျိုးရေးကဏ္ဍ အတွက် မဟာဗျူဟာ ပေါ့နော်။ ဦးတည်ချက်တွေ ဆိုပြီးတော့ target ကြီးတွေ ကိုလည်း ကျနော်တို့ ၂၀၁၈ ကနေ ၂၀၂၃ ခုနှစ် အတွက် ဆိုပြီးတော့ လုပ်လို့ ရတဲ့ဥစ္စာက ထူးထူးခြားခြား သုတေသနနဲ့ ဖွံ့ဖြိုးရေး မူဘောင်တွေ အနေနဲ့မြင်ရတာ ၃ ခု ပါခင်ဗျ။

ဒါဆိုရင် ၂၀၁၈ ခုနှစ်ထဲမှာ မြန်မာနိုင်ငံ အတွက်က သိပ္ဗွံနဲ့ နည်းပညာ ဆိုင်ရာ အခြေခံ စပြီးတော့ ဖွံ့ဖြိုးလာတယ်လို့ ပြောလို့ ရမလား ဆရာ။

ဒေါက်တာမိုးကျော်သူ။။ “မှန်ပါတယ် ခင်ဗျ။ ဒီအခြေခံ မရှိပဲနဲ့ ကျနော်တို့က ရှေ့ကို ဆက်ပြီးတော့ ခုန်ပျံ တက်တယ်တို့ ဘာတို့ ဆိုတာတွေက ဘယ်လိုမှ လုံးဝမဖြစ်သင့်သလို ဖြစ်သွားရင်လည်း ဘရုတ်သုက္ခပဲ ဖြစ်လာမှာပါ။ ဒါကြောင့် စံနစ်တကျ အပိုင်းမှာ ဒီအပိုင်းတွေက အရမ်းကို အရေးကြီးတဲ့ အတွက်ကြောင့် ဒီမူဘောင်တွေ ဖြစ်သွားပြီ ဆိုရင်၊ ဒီ မူဘောင်တွေက တကယ့် အောက်ခြေ အဖွဲ့အစည်းတွေ၊ တကယ်လက်ရှိလုပ်နေတဲ့ သူတေသီတွေ အားလုံးထဲကို စိမ့်ဝင်သွားဖို့က ရေရှည်ဆက်ပြီး ဖြစ်လာမယ့် အပိုင်းလို့ ကျနော်မြင်ပါတယ် ခင်ဗျ။”

အခုလို အခြေခံရလာတဲ့ မြန်မာ့သိပ္ပံနည်းပညာကဏ္ဍရဲ့ အနာဂတ်နဲ့ လိုအပ်နေတာတွေကို နောက်တပတ်မှာ ဆက်ပြီး ပြောပြပေးပါ့မယ်လို့ တင်ပြရင်း ဒီသီတင်းပတ်အတွက် ဒီမှာပဲ ရပ်နားလိုက်ပါရစေ။