TNLA ထိန်းချုပ်နယ်မြေ မိုးကုတ်မြို့ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက် 

မိုးကုတ်ကို နိုဝင်ဘာတုန်းက စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်- ယခင်မှတ်တမ်း CJ

TNLA ခေါ် တအန်းတပ်မတော်က သိမ်းယူထားတဲ့ မန္တလေးတိုင်းဒေသကြီးက မိုးကုတ်မြို့ကို ဒီနေ့ နေ့ခင်း ၁၂ နာရီခွဲကျော်မှာ စစ်ကောင်စီက Y12 လေယာဉ်နဲ့ သုံးကြိမ်ထက်မနည်းလာရောက်ပြီး ဗုံး အလုံး ၂၀ ကျော်ကြဲချခဲ့ပါတယ်။ ဗုံးကြဲချတဲ့နေရာဟာ မိုးကုတ်မြို့အရှေ့ပိုင်း ဂေါက်ကွင်းဘက်မှာ ဖြစ်ပြီး လောလောဆယ်တော့ အထိအခိုက်ရှိတယ်ဆိုတာ မကြားသိရသေးပါဘူး။

ဒေသခံတွေကတော့ လက်နက်ကိုင်အဖွဲ့အစည်းအချို့က မိုးကုတ်ဂေါက်ကွင်းဘက်မှာ ကျောက်တူးဖော် တာတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် စစ်ကောင်စီက လာရောက်တိုက်ခိုက်တာ ဖြစ်နိုင်ကြောင်း ပြောပါတယ်။ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဂေါက်ကွင်းအနီးမှာ ဆေးရုံနဲ့ အထက (၁) စာသင်ကျောင်းတည်ရှိပြီး တိုက်ခိုက်ချိန်ဟာ အထက (၁) ကျောင်းဆင်းချိန်အတွင်း ဖြစ်ခဲ့တာလို့လည်း ပြောပါတယ်။

မိုးကုတ်မြို့ဟာ ဖုန်း၊ အင်တာနက်တွေဖြတ်တောက်ထားတာကြောင့် ဒေသခံတွေကိုဆက်သွယ်ဖို့ အခက်အခဲရှိနေပြီး သတင်းအသေးစိတ်ရရှိဖို့ကိုတော့ VOA က စုံစမ်းနေဆဲဖြစ်ပါတယ်။ မိုးကုတ်မြို့ကို TNLA က ပြီးခဲ့တဲ့နှစ် ဇူလိုင်လက သိမ်းယူခဲ့တာပါ။ နိုဝင်ဘာလအတွင်းမှာ စစ်ကောင်စီက လေကြောင်း က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၉ ဦးသေဆုံးပြီး ၁၃ ဦးခန့် ဒဏ်ရာရခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ခဲ့ပါတယ်။

Your browser doesn’t support HTML5

TNLA ထိန်းချုပ်နယ်မြေ မိုးကုတ်မြို့ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်